မန္တလေး ၇   ဩဂုတ် 

 

၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း အခွန်အများဆုံး ထမ်းဆောင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ၂၀ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမှာစကား ပြောကြားရာတွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်င်ငံတော်တစ်ရပ် ထူထောင်ရာတွင် ဘဏ္ဍာငွေကြေးသည် အဓိက လိုအပ်ချက်  တစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးလိုအပ်မှာဖြစ်ကြောင်း အခွန်စနစ် ကောင်းမွန် ပြီး အခွန်ယဉ်ကျေးမှုထွန်းကားလာစေရန်နှင့် မျှတ၍ ပွင့်လင်းမြင်သာပြီး စွမ်းရည်လည်းပြည့်ဝသည့် အခွန်စနစ်နှင့် အခွန်ရရှိမှု တိုးမြှင့်ရေးအတွက် ရေရှည်ရည်မှန်းချက် ပန်းတိုင်များချမှတ်ကာ ဘဏ္ဍာခွန် အရင်းအမြစ်များ တိုးတက်လာစေဖို့ ရည်ရွယ်ပါကြောင်း၊ 

 

စီးပွားရေးလုပ်ငန်းရှင်များ၏ မှန်ကန်သည့် အခွန်ပေးဆောင်မှုများဖြင့် နိုင်ငံတော်အသုံးစရိတ်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေခြင်းသည်လည်း အင်အားတစ်ရပ်ဖြစ်စေပါကြောင်း အခွန်အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူများကို ဂုဏ်ပြုခြင်းသည် အခွန်မရှောင် အခွန်မလျှော့ဘဲ နိုင်ငံတော်အကျိုးအတွက် မွန်မြတ်သည့် စိတ်ထားဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း ဆက်လက် တာဝန်ကျေပွန်စေလိုပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များက ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်း ၉ ဦး၊ ဝင်ငွေခွန် အခွန်ထမ်း ၅ ဦးနှင့် အထူးကုန်စည်ခွန် အခွန်ထမ်း ၆ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။

 

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်ဆိုင်ရာပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (Self Assessment System-SAS)သို့ ပြောင်းလဲပြီး ကုမ္ပဏီအခွန်ထမ်းများကို စည်းကြပ်နေပြီဖြစ် သည့်အပြင် အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများကိုလည်း ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)