နေပြည်တော် ဧပြီ ၂၆

 

နိုင်ငံတော်အစိုးရအနေဖြင့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထုကို လုပ်ကြံ သတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့စေရန် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၈ ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အောင်ချမ်းအေးရပ်ကွက်နေ စည်သူ  (ခ)  ဆိတ်ကြီး (၄၀) နှစ်၊ ပြည်ကြီး တံခွန်မြို့နယ် သင်ပန်းကုန်း ရပ်ကွက်နေ အောင်ကျော်မိုး  (ခ)  မိုးမိုး (၃၈) နှစ်နှင့် အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာ ရပ်ကွက်အကွက်အမှတ် (၅၂) နေ အောင်ထွန်းလင်း  (ခ)  ပါပူး (၄၄) နှစ်တို့ သုံးဦးကို ၉ မမ ပစ္စတို တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၄၁ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်မိုင်း နှစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဧပြီ ၉ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်ရှိ Yadanarpon Dynasty Hotel ၌ ကျော်စွာလင်း  (ခ)  တာရာ (၃၂) နှစ်နှင့် ဝတ်ရည်ချို (၂၁) နှစ် တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက်ရှိ ကျော်စွာလင်း  (ခ)  တာရာ ငှားရမ်းထားသော နေအိမ်၌ KA-25 သေနတ် တစ်လက်၊ လက်လုပ်သေနတ် တစ်လက်၊ ကျည်အိမ် ခုနစ်ခု၊ ကျည်မျိုးစုံ ၃၂၆ တောင့်၊ အီနာဂါ ဗုံးသီး ၂၅ လုံး၊ လက်ပစ်ဗုံး ငါးလုံး၊ လက်လုပ်မိုင်း ခြောက်လုံး၊ ဒီတိုနေတာ ၃၇၅ ချောင်း၊ Keypad ဖုန်းအလုံး ၂၀၊ ဖောက်ခွဲ ရေး ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာ (၁၆) မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် တရားခံ အာကာဖြိုး (၂၃) နှစ်ကို ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံ အာကာဖြိုး၏ ထွက်ဆိုချက်အရ ဧပြီ ၁၄ ရက် ညနေပိုင်းတွင် ချမ်းမြသာစည်မြို့နယ် ၆၉ လမ်း (ဆ/၄) ရပ်ကွက်ရှိ အိမ်အမှတ် (၁၁၂) ၌ ဝေလင်းအောင်  (ခ)  အောင်လေး (၁၉) နှစ်၊ ခိုင်မြင့်မြင့်  (ခ)  ခိုင်ခိုင် (၂၁) နှစ်တို့ နှစ်ဦးကို လက်လုပ်မိုင်းနှစ်လုံး၊ ကျည်ကာအင်္ကျီ ငါးထည်၊ Keypad ဖုန်း နှစ်လုံးတို့ဖြင့် လည်းကောင်း၊ ယင်းနေ့ညပိုင်းတွင် ပြည်ကြီး တံခွန်မြို့နယ် (၁၁၃ x ၁၁၄) လမ်းကြား၌ အောင်ပြည့်ဖြိုး  (ခ)  တံခွန် (၂၆) နှစ်ကို လက်လုပ်သေနတ် နှစ်လက်၊ ပြောက်ကျား ယူနီဖောင်း သုံးစုံ၊ ကျည်ကာအင်္ကျီ တစ်ထည်တို့ဖြင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဧပြီ ၂၀ ရက် ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ် ၁၀၉ (အေ) လမ်း၊ ၅၃ x ၅၄ လမ်းကြားရှိ နေအိမ်၌ မျိုးသီဟ  (ခ)  ရှောင်ကြီး (၂၂) နှစ်၊ ကျော်ဇင်ထွန်း  (ခ)  ကြောင်ကြီး (၁၉) နှစ်၊ ပြည့်စိုးခန့် (၁၉) နှစ်နှင့် သီဟဇော် (၁၇) နှစ်တို့ လေးဦးအား KA-25 သေနတ် သုံးလက်၊ ကျည်အိမ်ရှစ်ခု၊ ကျည်မျိုးစုံ ၃၆၀၊ ၁၀၇ မမ ရှော့ခ်တိုက်ဒုံးသီး တစ်လုံး၊ ဆေးပစ္စည်းမျိုးစုံထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်တွင် ဖမ်းဆီးရမိ တရားခံ ကျား ၁၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၃ ဦးကို KA-25 သေနတ် လေးလက်၊ ၉ မမ ပစ္စတို တစ်လက်၊ လက်လုပ်သေနတ်နှစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ ကျည်မျိုးစုံ ၇၂၇ တောင့်၊ လက်ပစ်ဗုံး ခြောက်လုံး၊ အီနာဂါဗုံးသီး ၂၅ လုံး၊ ၁၀၇ မမ ရှော့ခ်တိုက်ဒုံးသီး တစ်လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၀ လုံး၊ ဒီတိုနေတာ ၃၇၅ ချောင်း၊ ကျည်ကာအင်္ကျီ ခြောက်ထည်၊ ပြောက်ကျားယူနီဖောင်း သုံးစုံ၊ Keypad ဖုန်း ၂၂ လုံး၊ ဆေးပစ္စည်းမျိုးစုံ ထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်နှင့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကျော်စွာလင်း  (ခ)  တာရာ၊ အောင်ကျော်မိုး  (ခ)  မိုးမိုး၊ ဝတ်ရည်ချို နှင့် ဖမ်းဆီးရန်ကျန် တရားခံ ရှီခါ  (ခ)  Shika အေးငုဝါခိုင်  (ခ)  မတောက်တို့သည် ဖမ်းဆီးရန် ကျန်တရားခံ သန်းမြတ်စိုး  (ခ)  မုန်တိုင်း၏ ချိတ်ဆက်ခေါ်ဆောင်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပန်ဝိုးလေးကျေးရွာအနီး၌ TNLA အဖွဲ့၊ တပ်မဟာ (၂) တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း တစ်လ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် မန္တလေး တိုင်းဒေသကြီးသို့ ပြန်လည်စေလွှတ်ပြီး အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် သန်းမြတ်စိုး  (ခ)  မုန်တိုင်း မှ စေခိုင်းခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် လက်နက်/ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကိုလည်း ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ စည်သူ  (ခ)  ဆိတ်ကြီး၊ အောင်ကျော်မိုး  (ခ)  မိုးမိုး၊ ထွန်းလင်း  (ခ)  ပါပူး၊ ကျော်စွာ လင်း  (ခ)  တာရာ၊ ဝတ်ရည်ချိုတို့သည် မန္တလေးမြို့ရှိ ဇွဲထက် ရွှေဆိုင်အား ဓားပြတိုက်ရန် အတွက် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် နန္ဒမြောက်ရွာရှိ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဘို ပိုင်ဆိုင်သည့် ဘဲခြံအတွင်း၌ သုံးရက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့်အပြင် ဖမ်းဆီးရန်ကျန် တရားခံ ရှီခါ (ခ) Shika နှင့် အေးငုဝါခိုင် (ခ) မတောက်တို့ ခေါင်းဆောင်၍ ရတနာပုံဥယျာဉ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေ့နှင့် သင်္ကြန်ကာလအတွင်း မန္တလေးမြို့အတွင်း၌ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးပစ္စည်းမျိုးစုံ ထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် TNLA အဖွဲ့၊ တပ်မဟာ (၂) သို့ ရောက်ရှိ နေသော ဖမ်းဆီးရန်ကျန် တရားခံ သန်းမြတ်စိုး  (ခ)  မုန်တိုင်း ထံ ပို့ဆောင်ရန် ဝယ်ယူစုဆောင်း ထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများ ပေးအပ်ချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

 

သတင်းစဉ်