မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်းရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်ကထက် ကျပ်လေးဘီလီယံကျော် တိုးမြှင့်ထုတ်ချေးပေးရန်လျာထား

မန္တလေး ၂၈  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်းရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်ကထက် ကျပ်လေးဘီလီယံ ကျော် တိုးမြှင့်ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။

ချေးငွေများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှစတင်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ပြန်ဆပ်ရမည့်ရက်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ပြန်လည်ပေးဆပ်ရမည်ဟု သိရသည်။

“နှစ်အလိုက် ချေးငွေရယူလိုတဲ့ တောင်သူတွေအတွက် အခုလို တိုးမြှင့်ထုတ်ချေးဖို့ စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောသည်။

အတိုးနှုန်းကို တစ်နှစ်စာအတွက် ငါးရာခိုင်နှုန်းသတ်မှတ်ထားပြီး သတ်မှတ်ရက်ကျော်လွန်ပါက ဒဏ်ကြေးငွေအဖြစ် ငွေကျပ် ၁၀၀ ကို ပြား ၅၀ ထပ်မံပေးဆောင်ရမည်ဟု သိရသည်။

“နိုင်ငံတော်ကထုတ်ချေးတဲ့ငွေဖြစ်တဲ့အတွက် မဖြစ်မနေပြန်ဆပ်ရပါမယ်။ ပြန်မဆပ်တဲ့သူတွေကို ငွေထပ်မံထုတ်ချေး မှာမဟုတ်သလို ဥပဒေအတိုင်း လိုအပ်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဒေါ်ယဉ်နွဲ့က ပြောသည်။

ဖြိုးအိ