မန္တလေး ၅ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၁ ရက်မှစ၍ ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်ကြေညာထားသည့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၄၇၈၄၂၈၈ ဦး၏ အမည်စာရင်းများအား Online နှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများသို့ လာရောက်ကြည့်ရှုသူဦးရေမှာ ၄ ရက်အတွင်း ၂၄၅၉၄၉ ဦးရှိပြီး ၎င်းတို့အနက် ပြင်ဆင်ဖြည့်စွက် လျှောက်ထားသူဦးရေမှာ ၂၀၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာပေးထားမည်ဖြစ်ရာ ၄ ရက်အတွင်း ကြည့်ရှုသူ နှစ်သိန်းကျော်အနက် ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၁၁၅၉၇ ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၂၂၆၃ ဦးနှင့် ပုံစံ(၄)- (ဂ)ဖြင့် ပြင်ဆင်သူ ၉၁၉၀ ဦး စုစုပေါင်း ပြင်ဆင်လျှောက်ထား ကန့်ကွက်သူဦးရေမှာ ၂၃၀၅၀ ဦးရှိကြောင်း သိရသည်။
"မဲစာရင်းမှာပါမှ မဲပေးခွင့်ရမှာဖြစ်တဲ့အတွက် ယခုနောက်ဆုံးအခွင့်အရေးအနေနဲ့ ဒုတိယအကြိမ်အဖြစ် ကပ်ထား ကြေညာပေးထားတဲ့ မဲဆန္ဒရှင်စာရင်းတွေကို လာရောက်ကြည့်ရှုပြီး ပြင်ဆင်ကန့်ကွက်လျှောက်ထားကြဖို့ ပြောကြားချင်ပါတယ်။ မဲပေးတဲ့နေ့မှာလဲ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ မန္တလေးတိုင်း ဒေသကြီးမှာ မဲပေးတဲ့နေ့အတွက် မဲရုံဝန်ထမ်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ အသုံးပြုဖို့ Hand Gel၊ လက်အိတ်၊ Face Shield နဲ့ Mask တွေ ရောက်ရှိနေပါပြီ။ လာရောက်မဲပေးသူတွေအနေနဲ့ Mask တွေ မပါလာခဲ့ရင်လည်း ၄ ဦးကို တစ်ဦးနှုန်းလောက်ဖြန့်ဝေပေးဖို့ Mask အရေအတွက် ၁၂ သိန်းကျော် ရောက်ရှိနေပြီဖြစ်ပါတယ်" ဟု ၎င်းက ပြောပြသည်။
လာမည့် နိုင်ဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ပါတီပေါင်း ၂၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၂၄ ဦးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၅၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူ ၄၇ သိန်းကျော်အတွက် မဲရုံပေါင်း ၅၄၄၈ ရုံ ဖွင့်လှစ်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


