မန္တလေး၊ ဩဂုတ် ၅

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှိ မြို့တော်ခန်းမတွင် ပြုလုပ်သည်။

 

လှူဒါန်းပွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ကိုက အမှာစကားပြော ကြားသည်။

 

ယင်းနောက် မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးက ငွေကျပ် သိန်း(၁၀၀၀)၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်း (MDA) က ငွေကျပ်သိန်း (၁၀၀၀)၊ ဦးအောင်ကျော်ဝင်း (ငြိမ်းချမ်းကောင်းကင်ကုမ္ပဏီ) က ငွေကျပ် သိန်း (၅၀၀)၊ ဦးအေးကို (Axionကုမ္ပဏီ) က ငွေကျပ်သိန်း (၂၀၀)၊ ဦးခင်မောင်အေး (ဝိန့်စိန်ရွှေဆိုင်) မိသားစုက ငွေကျပ် သိန်း (၁၀၀) နှင့် ငွေကျပ် သိန်း (၉၀) ရှိ (၃၅) လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး (၅၀)၊ ဦးတင်မိုး + ဒေါ်မြနှင်းဝေ (ရွှေပြည့်လျှံနှင့် စူပါစိမ်း ကျောက်မျက်ကုမ္ပဏီ) က ငွေကျပ်သိန်း (၁၀၀)၊ ဦးထွန်းထွန်းစိုး (ရတနာမိုးကုမ္ပဏီ) မိသားစုက ငွေကျပ်သိန်း (၁၀၀)၊ ဦးဝင်းစိန်+ဒေါ်သန်းသန်းဝင်း (ရွှေရောင်းဝယ်ရေး) မိသားစုမှ ငွေကျပ် သိန်း (၁၀၀) တို့ကို ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းတို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

ယနေ့လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ်သိန်း (၃၁၀၀) ဖြစ်ပြီး ယနေ့ထိ လှူဒါန်းငွေစုစုပေါင်းငွေ ကျပ် (၈၃၆၀) သိန်း ဖြစ်ကြောင်းနှင့် လှူဒါန်းငွေများကို အောက်ဆီဂျင်စက်ရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ အောက်ဆီဂျင် အရည်များ ဝယ်ယူခြင်း၊ Volunteer များအတွက် ကိုဗစ်ကာကွယ် ကုသရေး အထောက်အကူပြုပစ္စည်းများ စက်သုံးဆီများ ဝယ်ယူခြင်း၊ Stay at Home ဆောင်ရွက်စဉ် အဝင်/အထွက် ဂိတ်အသီးသီးတို့တွင် တာဝန်ထမ်းဆောင်နေကြသော ပူးပေါင်းအဖွဲ့များကို အုပ်ချုပ်မှုကိစ္စများ ထောက်ပံ့ခြင်းတို့တွင် သုံးစွဲ သွားမည် ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်