မန္တလေး ၁ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းလုပ်ငန်းများ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီး နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
မဲစာရင်းပြုစုနိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ပြုလုပ်နေပြီး ယင်းဌာနမှ လူဦးရေ ၂၄ သိန်းကျော် စာရင်ပေးပို့ထားကာ လူဦးရေ ၁၂ သိန်းကျော် စာရင်းသွင်းထားပြီး ဖြစ်ကြောင်း သိရသည်။
" ခုလောလောဆယ်တော့ တစ်ဝက်ပဲစာရင်းသွင်းရသေးတယ်။ ကျန်တာတွေက စိစစ်နေတုန်း။ အဲ့မှာက အသက်မပြည့်တာတွေ ပါနေသေးတယ်။ အဲ့တာတွေကို စိစစ်ပြီး ဖယ်ပစ်ရမှာပေါ့။ ထွေအုပ်ရုံးကတော့ လူစာရင်းကို ကောက်ပြီးတာနဲ့ ဘယ်သူကအသက်မပြည့်ဘူးဆိုတာ မစိစစ်ဘဲ ကလေးလူကြီး အကုန်ပို့တာလ။ အဲ့တော့ ကျွန်တော်တို့က ပြန်စိစစ်ရတာပေါ့ " ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
လူဦးရေ အချက်အလက်များ ကောက်ယူခြင်းနှင့် အခြေခံမဲစာရင်း ပြုစုခြင်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင် စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။
သူရိန်လင်း


