မန္တလေး နိုဝင်ဘာ ၁၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မဲပေးနိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ဦးအောင်စောဝင်း နှင့် ဦးဘရန်ရှောင်တို့သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်နှင့် ပြင်ဦးလွင်ခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ် ပုသိမ်ကြီးမြို့နယ် မတ္တရာမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် မြို့နယ်အသီးသီး၏ လျာထား မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ လျာထားမဲရုံတည်နေရာများအား စိစစ်အတည်ပြုခြင်းများအပြင် မြို့နယ်အသီးသီးတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့်စပ်လျဉ်း၍ စိစစ်တွက်ချက်အတည်ပြုခြင်းများကိုညှိနှိုင်း ဆောင်ရွက်ခဲ့ကြပြီး လိုအပ်ချက်၊ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးမှူး၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်များရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်