မန္တလေး ၈ နိုဝင်ဘာ
၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နံနက် ၆နာရီမှ ညနေ ၄ နာရီအထိကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အေးချမ်း လွတ်လပ်စွာဖြင့် ဆန္ဒမဲ များပေးခဲ့ကြသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ၄၉၄၀၅၉၂ ဦး အတွက် မဲရုံပေါင်း ၅၄၄၇ ရုံဖွင့်လှစ်ထားရှိပြီး မန္တလေးခရိုင် ၇ မြို့နယ်အတွင်း၌ မဲဆန္ဒရှင် ၁၂၇၅၃၇၀ အတွက် မဲရုံပေါင်း ၆၇၉ ရုံဖွင့်လှစ်ထားရှိသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နံနက်စောစော မဲရုံမဖွင့်မီ အချိန်ကတည်း ကပင် သတ်မှတ်မဲရုံအသီးသီးသို့ စိတ်ဝင်တစားလာရောက်စောင့်ဆိုင်းကာ မဲရုံစတင်ဖွင့်လှစ်သည်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလမ်းညွှန်ချက်များ နှင့်အညီ Social Distancing ပုံစံဖြင့် စနစ်တကျ တန်းစီစောင့်ဆိုင်းပြီး မဲပေးခဲ့ကြသည်။
“မဲပေးကြမယ့်ပြည်သူတွေက မဲရုံမဖွင့်မီ မနက် ၄ နာရီခွဲကတည်းက ကျွန်တော်တို့ မဲရုံရှေ့မှာ လာရောက် စောင့်ဆိုင်းနေကြတဲ့အပြင် ကျွန်တော်တို့ရပ်ကွက်မှာ ကြိုတင်မဲပေးခွင့်ရှိတဲ့ အသက် ၆၀ ကျော်အရွယ် တစ်ထောင် ကျော်အနက် ၉၀၀ ကျော် ကြိုတင်မဲပေးခဲ့ကြတဲ့အတွက်လည်း ဒီနေ့ကျင်းပတဲ့ရွေးကောက်ပွဲအပေါ်မှာ ပြည်သူတွေ တက်တက်ကြွကြွနဲ့ စိတ်ဝင်စားမှုရှိတယ်လို့ ယူဆလို့ရပါတယ်။ လာရောက်မဲပေးကြတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် မဲရုံအတွင်းအပြင်မှာ မဲရုံဝန်ထမ်းနဲ့ လုံခြုံရေးအင်အား ၃၁ ဦး တာဝန်ချထားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် KN-95 Mask တွေနဲ့ Face Shield တွေ ဖြန့်ဝေပေးပါတယ်။ ဒါ့ပြင် မဲလက်မှတ်ထုတ်ဖို့ လက်မှတ်ထိုးတဲ့အခါမှာလည်း ရောဂါကူးစက်မှုမရှိအောင် ကျွန်တော်တို့အစီအစဉ်နဲ့ ဘောလ်ပင်တွေလည်း ဖြန့်ဝေပေးထားပါတယ်” ဟု ချမ်းအေးသာစံမြို့နယ် ကဥ္စနမဟီရပ်ကွက်ရှိ မဲရုံအမှတ်(၄) တာဝန်ခံ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသိန်းနိုင်က ပြောသည်။
ထို့ပြင် မဟာအောင်မြေမြို့နယ်တွင်နေထိုင်ပြီး ပထမဆုံးအကြိမ်အဖြစ်လာရောက် မဲပေးသည့် မသန္တာခိုင်ကလည်း “ကိုယ့်ကြိုက်တဲ့ပါတီကို လွတ်လွတ်လပ်လပ်ရွေးချယ်ပြီး မဲပေးခဲ့ရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ အားကိုးယုံကြည်စွာမဲပေးခဲ့တဲ့ ပါတီအနိုင်ရခဲ့ရင်လည်း ပြည်သူတွေအားလုံးအတွက် အဆင်ပြေစွာ ဆောင်ရွက်ပေး နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မဲရုံအဝင်မှာ အပူချိန်တိုင်းပြီး KN-95 Mask တွေ အခမဲ့ပေးတဲ့အပြင် မဲရုံအတွင်း မှာလည်း ရောဂါမကူးစက်အောင် စနစ်တကျစီစဉ်ပေးထားတဲ့အတွက် ဘေးကင်းလုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်။ မဲပေးပြီးအပြန်မှာ မင်စွန်းနေတဲ့ ကိုယ့်လက်သန်းလေးကိုကြည့်ပြီး နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပွန် ခဲ့လို့ ဂုဏ်ယူမိပါတယ်”ဟု ပြော သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မြို့နယ်အသီးသီးရှိ မဲရုံများသို့ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများမှ လာရောက်ကြည့်ရှုပြီး မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျမဲပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတ်မှတ်ထားသည့် ညနေ ၄ နာရီတွင် မဲရုံပိတ်သိမ်းပြီး မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များက မဲပုံးများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးကြပြီး စနစ်တကျ မှတ်တမ်း ရေးသွင်းကြသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပါတီပေါင်း ၁၉ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁၆ ဦးတို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၈ နေရာအတွက် ၁၃၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀ နေရာအတွက် ၄၁ ဦး၊ တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၁၃၂ ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၃၁ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၄ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


