မန္တလေး ၅ အောက်တိုဘာ 

 

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ထားသည့် မန္တလေးတိုင်းအတွင်း မဲပေးခွင့်ရှိသူ စာရင်းကို နောက်ဆုံးအကြိမ်အဖြစ် ကြေညာပြီးစီးပြီဖြစ်ကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံကသိရသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ်မဲစာရင်းကို ဇူလိုင်လ ၉ ရက်နေ့မှ ၂၂ ရက်နေ့ထိ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကပ်ထားပေးခဲ့ပြီးနောက် ပြင်ဆင်၊ ဖြည့်စွက်ထားသော မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့ ထိ ကြေညာပေးထားမည်ဖြစ်သည်။

 

"ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်တာတွေလုပ်ပြီးပါပြီ။ ဒီအချိန်မှာ လာကြည့်ပြီးတော့ လိုအပ်တာတွေ တောင်း ဆိုတာ ကန့်ကွက်တာတွေ လုပ်နိုင်ပါတယ်။ မဲစာရင်းမှာ ကိုယ့်အမည်ပါမှ မဲပေးခွင့်ရမှာ။ ဒီတော့ အခွင့်အရေး မဆုံးရှုံးဖို့ မဲစာရင်းကြည့်ဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ ပြင်လို့ရသေးတယ်”ဟု မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

 

မန္တလေးတိုင်းတွင် မြင်းခြံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် တစ်နေရာ၊ သပိတ်ကျင်းမြို့နယ်တွင် တိုင်း လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) နေရာနှင့် မန္တလေးတိုင်းလွှတ်တော်၊ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် နေရာ လစ်လပ်နေသည်။ 

 

ပထမအကြိမ်ကြေညာပေးခဲ့စဉ်က မဲဆန္ဒရှင်အမည် မပါလာခြင်း၊ မပါသင့်သူများပါဝင်နေခြင်း၊ အချက်အလက် မှားနေခြင်းတို့ရှိခဲ့ရာ မဲဆန္ဒရှင် ၆၃၀ဝ ကျော်အတွက် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးထားကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။

 

မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြုစုထားသော မဲစာရင်းများအရ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာ မဲပေးခွင့်ရှိသူ ၄၀,ဝ၀ဝ ကျော်၊ သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နေရာအတွက် မဲပေးခွင့်ရှိသူ ၄၈,ဝ၀ဝ ကျော်နှင့် မြင်းခြံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် တစ်နေရာအတွက် မဲပေး ခွင့်ရှိသူ ၂၂၀,ဝ၀ဝ ကျော်ရှိနေကြောင်း သိရသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ ကိုယ်စားလှယ်လောင်းများအနေနှင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေပြီဖြစ်သည်။

 

သူရိန်လင်း