မန္တလေး ၂၂ ဇူလိုင်
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေလျှံမှုကြောင့် လူဦးရေ ၂ သောင်းခန့် ရွှေ့ပြောင်းနေထိုင်နေရကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က သိရသည်။
ရွှေ့ပြောင်းနေထိုင်နေရသည့် သူများသည် သပိတ်ကျင်း ၊ စဉ့်ကူး ၊ စဉ့်ကိုင် နှင့် တံတားဦး စသည့်မြို့နယ်များရှိ မြေအနိမ့်ပိုင်းတွင် နေထိုင်သူများဖြစ်ပြီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လာချိန်ဖြစ်သည့်အတွက် ပြောင်းရွှေ့နေရာချထားပေးခြင်းဖြစ်သည်။
" ရေဝင်လို့ပြောင်း ရွှေ့ရတဲ့လူဦးရေ နှစ်သောင်းခန့်လောက်ရှိမယ် တိုင်းတစ်တိုင်းလုံးပေါ့နော် ။ အခု ရေကလည်း ထပ်တိုးနေရာတွေရှိနေတော့ ထပ်ပြီးပြောင်းရွှေ့နေတဲ့ သူတွေ ရှိပါတယ်။ ရေဝင်တဲ့အိမ်တွေကို ရပ်ကွက်၊ ကျေးရွာဓမ္မာရုံတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေမှာ ရွှေ့ပြောင်းပေးထားပါတယ် " ဟု မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသူ က ပြောသည်။
ဧရာဝတီမြစ်ရေသည် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က တိုင်းထွာချက်အရ သပိတ်ကျင်းမြို့တွင် စိုးရိမ်ရေအမှတ်ထက် ၂ စင်တီမီတာ ၊ မန္တလေးမြို့တွင် စိုးရိမ်ရေအမှတ်ထက် ၂၃ စင်တီမီတာ တွင်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။
မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၂၆၀ စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်က တိုင်းထွာချက်အရ ၁၂၈၃ စင်တီမီတာရှိနေပြီး နောက်သုံးရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းနိုင်းကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက သိရသည်။
သူရိန်လင်း


