မန္တလေး စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် မိုးစပါးစိုက်ဧက ၅၆၀၀၀၀ ကျော်လျာထားပြီး စိုက်ပျိုးဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနန္ဒထွဋ်တင်က ပြောသည်။
အဆိုပါ မိုးစပါးစိုက်ဧကများကို ခရိုင် ၇ ခရိုင်ရှိ မြို့နယ် ၂၆ မြို့နယ်တွင် စိုက်ဧက ၅၆၆၃၉၁ ကို လျာထားစိုက်ပျိုး ဆောင်ရွက်နေကြောင်း၊ ယင်းမိုးစပါး စိုက်ဧကများကို ဇွန်လမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ စိုက်ဧက ၄၁၀၀၀၀ ကျော်ကို စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် ၇၃ ဒသမ ၄၈ ရာခိုင်နှုန်းဖြစ်ပြီး၊ စိုက်ပျိုးရန် ကျန်ရှိနေသည့် ဧကများကို ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
"မိုးစပါးကို စိုက်ပျိုးတာဆိုရင် မျိုးစပါးအနေနဲ့ မျိုး ၅ မျိုးကို အဓိကထား စိုက်ပါတယ်။ အများဆုံး စိုက်ပျိုးတာကတော့ မနောသုခမျိုးနဲ့ ဧရာမင်းမျိုးတွေကို စိုက်ပါတယ်။ ဆင်းသုခ၊ ရွှေသွယ်ရင်နဲ့ ရွှေမနောမျိုးတွေကိုလည်း စိုက်ပါတယ်။ အဲဒါပြင် အခြားအထွက်ကောင်း စပါးမျိုးများကိုလည်း စိုက်ကြပါတယ်။ မိုးစပါးစိုက်ချိန်က ဇွန်လကနေ စစိုက်ပါတယ်။ အောက်တိုဘာလမှာ ကွင်းပိတ်မှာပါ။ ဆက်လက်စိုက်ပျိုးသွားမှာပါ။ ယခင်နှစ်တွေက အထွက်နှုန်းအနေနဲ့ တစ်ဧကကို ၇၉ ဒသမ ၅၉ ထွက်ရှိပါတယ်။ ဒီနှစ်ကတော့ စိုက်ပျိုးနေတာတွေပဲ ရှိပါသေးတယ်။ အထွက်နှုန်းတော့ ပြောလို့မရသေးဘူး" ဟု ၎င်းကရှင်းပြသည်။
ခရိုင် ၇ ခရိုင်ရှိ မြို့နယ် ၂၆ မြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးစီးသည့် ဧကများမှာ မန္တလေးခရိုင်တွင် မန္တလေးမြို့နယ် ၅၇ ဧက၊ အမရပူရ မြို့နယ် ၉၂၂၄ ဧက၊ ပုသိမ်ကြီးမြို့နယ် ၂၂၃၀၂ ဧက၊ ပြင်ဦးလွင်ခရိုင်တွင် မတ္တရာမြို့နယ် ၄၆၆၈၃ ဧက၊ စဉ့်ကူး ၂၂၀၇၃ ဧက၊ ပြင်ဦးလွင် ၇၄၇၄ ဧက၊ မိုးကုတ် ၃၄၀၃ ဧက၊ သပိတ်ကျင်း ၄၆၇၆ ဧက၊ တကောင်းတွင် ၃၂၆၀ ဧက၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်၌ ၅၂၇၉၉ ဧက၊ စဉ့်ကိုင်တွင် ၂၉၁၅၆ ဧက၊ မြစ်သားတွင် ၆၁၂၈၇ ဧက၊ တံတားဦးတွင် ၁၂၄၀၁ ဧက၊ မိတ္ထီလာခရိုင်တွင် မိတ္ထီလာမြို့နယ်၌ ၃၂၄၉ ဧက၊ မလှိုင်တွင် ၁၈၈၃ ဧက၊ သာစည်တွင် ၆၉၆၄ ဧက၊ ဝမ်းတွင်းတွင် ၂၇၁၀၉ ဧက၊ မြင်းခြံခရိုင်တွင် မြင်းခြံမြို့နယ်၌ ၂၈၆၅ ဧက၊ တောင်သာတွင် ၂၂၈၄ ဧက၊ နွားထိုးကြီးတွင် ၈၂၃၄ ဧက၊ ငါန်းဇွန်တွင် ၃၇၀၃ ဧက၊ ညောင်ဦးခရိုင်တွင် ညောင်ဦးမြို့နယ်၌ ၁၈၈၇ ဧက၊ ငါ့သရောက်တွင် ၁၀ ဧက၊ ကျောက်ပန်းတောင်းတွင် ၁၀၆၄၈ ဧက၊ ရမည်းသင်းခရိုင်တွင် ရမည်းသင်းမြို့ နယ်၌ ၄၆၃၀၂ ဧက၊ ပျော်ဘွယ်တွင် ၂၆၂၇၃ ဧက တို့ဖြစ်ပြီး စုစုပေါင်းစိုက်ဧက ၄၁၆၇၀၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် နွေစပါးစိုက်ပျိုးဧက ၁၁၀၀၀၀ ကျော်လျာထားပြီး ၈၃၆၆၅ ဧကစိုက်ပျိုးခဲ့ရာ အထွက်နှုန်းအနေဖြင့် ၁၀၂ ဒသမ ၀၄ ဧက ထွက်ရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ စပါးစိုက်ပျိုးနိုင်သည့် ဧကစုစုပေါင်း ၆ သိန်းကျော်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)