မန္တလေး ၈ မေ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ပသို့ သွားလာသူများအနေဖြင့် မေ ၉ ရက်မှစ၍ Mask များ မဖြစ်မနေ စနစ်တကျ လုံခြုံစွာ တပ်ဆင်သွားလာကြရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယနေ့တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် ပြင်ပသို့ Mask များ မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာခြင်းများကို မေ ၉ ရက်မှ ၁၅ ရက်အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ကာ အဆိုပါကာလအတွင်း Mask တပ်ဆင်သွားလာခြင်းမရှိပါက ငွေကျပ် ၁၀၀၀ ဖြင့် Mask နှစ်ခု ဝယ်ယူတပ်ဆင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပြီး အသိပညာပေး နောက်ပိုင်း၌ Mask တပ်ဆင်ခြင်းမရှိပါက ငွေကျပ် ၅၀၀၀ ဖြင့် Mask နှစ်ခု ဝယ်ယူတပ်ဆင်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ပြင် အဆိုပါကြေညာချက်၌ Mask စနစ်တကျတပ်ဆင်၍ သွားလာခြင်းအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


