မန္တလေး ၊၂၇ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာသီဥတုလွန်ကဲမှုဖြစ်စဉ်များကို သုတေသန ပြုလုပ် နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ဌာနခွဲ(မန္တလေး)မှ သိရသည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ မှ ၄၀အတွင်း ဖြစ်ပေါ်ခဲ့သည့် ရာသီဥတုဖြစ်စဉ်များကို သုတေသန ပြုလုပ်သွားမှာဖြစ်ပြီး ဖေဖော်ဝါရီလတွင် ပြီးစီးမည်ဟုသိရသည်။
"ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ဆော့ဖ်ဝဲတွေနဲ့ တိုင်းအတွင်း ခရိုင်အလိုက် ရာသီဥတုဖြစ်စဉ်တွေ၊ အပူလွန်ကဲဖြစ်စဉ်တွေ၊ မိုးရွာသွန်းမှုဖြစ်စဉ်တွေတွက်ချက်ပြီး အညွှန်းကိန်းတွေ ထုတ်ပြန်ပေးသွားမှာပါ"ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ဌာနခွဲ (မန္တလေး )မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပြသည်။
ဆည်များ၏ မိုးရေရရှိမှုများ၊ ဒေသအလိုက် မိုးရေချိန်နှင့် နေ့အပူချိန် မြင့်မားလာမှုများ ရှိသောကြောင့် တောင်သူများအတွက် အသုံးဝင်မည့် သုတေသနဖြစ်လာနိုင်သည်ဟုဆိုသည်။
သုတေသန အချက်အလက်များကို သက်ဆိုင်ရာ ဌာနများနှင့် တွေ့ဆုံဆွေးနွေး ဖြန့်ဝေမည်ဖြစ်ပြီး ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်ပေးသွားမည်ဟုသိရသည်။
ဖြိုးအိ


