မန္တလေး ၈ သြဂုတ်
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ယာယီကမ်းပြိုကာကွယ်ရေး လုပ်ဆောင်လိုသည့် ကျေးရွာများကို စက်ပစ္စည်းနှင့် နည်းပညာများ ကူညီပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကမ်းပြိုမှုများ ကြုံတွေ့ရသည့် ကျေးရွာများနှင့် မြစ်ချောင်းများ အနီးရှိ ကြိုတင်ကမ်းပြိုကာကွယ် ရေးလုပ်ဆောင်လိုသည့် ကျေးရွာများကို ဒေသခံအင်အား(လူအင်အား၊ ကမ်းပြိုကာကွယ်ရေး ပစ္စည်း)ဖြင့် ကူညီပေးသွား မည်ဖြစ်သည့်အပြင် လိုအပ်ပါက အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
"ကမ်းပြိုကာကွယ်ဖို့အတွက် ဘတ်ဂျက် မကျခင် ဒေသခံတွေအနေနဲ့ ယာယီကမ်းပြို ကာကွယ်ရေး လုပ်ချင်တယ်ဆိုရင် ကူညီဆောင်ရွက်ပေးပါတယ်။ လိုအပ်တဲ့အချိန် အကူအညီတောင်းနိုင်ပါတယ်။ ဌာနအနေနဲ့ကတော့ လုပ်သားအင်အား၊ငွေကြေး စတာတွေတော့ မတတ်နိုင်ဘူးပေါ့။ ဒေသခံအင်အားနဲ့ လုပ်ရမှာပါ။ လိုအပ်တဲ့စက်ပစ္စည်းတွေ၊ ကြီးကြပ်ဖို့အင်ဂျင်နီယာတွေ၊ နည်းပညာတွေကိုတော့ ပံ့ပိုးပေးနိုင်တယ်" ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။
မြစ်ချောင်းများအနီးရှိ ကျေးရွာများအနေဖြင့် ကမ်းပြိုမှုများမဖြစ်မီ ကမ်းပြိုကာကွယ်ရေးများ ကြိုတင် လုပ်ဆောင်ထားသင့်ပြီး မန္တလေး တိုင်းဒေသကြီးတွင် ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်ရန်လိုသည့် ကျေးရွာများမှာ နှစ်စဉ် ငါးရွာခန့်ရှိကြောင်း သိရသည်။
လက်ရှိ ဇွန်လမှ ဩဂုတ် ၃ရက်ထိ နှစ်လကျော်အတွင်း မန္တလေး တိုင်းဒေသကြီး တံတားဦးမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင် မြစ်ကမ်း ပြိုသည့်ကျေးရွာ သုံးရွာသာဖြစ်ပွားခဲ့ပြီး ကမ်းပြိုမှုများမှာ စိုးရိမ်ရသည့် အခြေအနေတွင် မရှိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
သူရိန်လင်း


