မန္တလေး ၁၀ သြဂုတ်
မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် စပါးမျိုးစေ့ထုတ်ဧက ၂ ဆနီးပါးမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
"ဒီနှစ်ကတော့ ပုံမှန်ထက် ၂ ဆလောက် မျိုးစေ့ထုတ်တဲ့ ဧကမှာတိုးလာတယ်။ တိုးသွားခြင်းကလည်း မျိုးစေ့ထုတ်လုပ်နေတဲ့ တောင်သူတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် ပိုပြီးမျိုးစေ့ထုတ်လုပ်နိုင်အောင် ရည်ရွယ်ပြီး ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ပုံမှန်ဆို မျိုးစေ့စိုက်ဧက ၆ ထောင်နဲ့ ၇ ထောင်လောက်ပဲရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ CERP စနစ်အရ ၉၂၂၃ ဧက စီစဉ်ဆောင်ရွက်ထားတယ်။ အဲလိုဆောင်ရွက်ထားတဲ့အပေါ်မှာ တောင်သူများကို မန္တလေးတိုင်းတစ်တိုင်းလုံး အနေအထားအရ ၉၂၂၃ ဧက ဆောင်ရွက်မယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ ပြည်ထောင်စုဘတ်ဂျက်ကနေ ကျပ်သန်းပေါင်း ၁၃၈၀ ထောက်ပံ့ပြီးတော့မှ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီးတော့မှ မျိုးစေ့ထုတ်တဲ့ တောင်သူများကိုသာလျှင် ပံ့ပိုးပေးသွားမှာ ဖြစ်တယ်။" ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးမင်းက ပြောသည်။
မကြာမီတွင်လည်း COVID-19 Economic Relief Plan (CERP) အရမန္တလေး တိုင်းဒေသကြီးအတွင်းရှိ မျိုးစေ့ထုတ်တောင်သူ ၇ထောင်ကျော် စိုက်ပျိုးဧက ၉၂၂၃ ဧကကို ကျပ်သန်းပေါင်း ၁၃၈၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
"မျိုးစေ့တွေ ပံ့ပိုးတာရှိမယ်။ ဒုတိယတစ်ခုက အပင်ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ နည်းပညာနဲ့ ပတ်သက်တဲ့ မြေသြဇာထည့်တာနဲ့ ပတ်သက်တဲ့ ငွေကြေးထောက်ပံ့ပြီးတော့မှ မြေသြဇာကို စနစ်တကျသုံးစွဲတတ်အောင် သင်ကြားပြီးတော့မှ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မျိုးကွဲပယ်တဲ့လုပ်ငန်းဒီမှာ သုံးပါ့မယ်။ မျိုးစေ့ထုတ်တဲ့လုပ်ငန်းသည် အဓိက မျိုးကွဲပယ်ခြင်းလုပ်ငန်းကို မဖြစ်မနေလုပ်ရပါတယ်။ မျိုးကွဲပယ်တာမရှိဘူးဆိုရင် မျိုးစေ့အဆင့်မီမှာ မဟုတ်ပါဘူး။ ဓာတ်ခွဲခန်းသွင်းရင်လည်း အောင်မြင်တဲ့မျိုးစေ့မျိုးဆံရမှာ မဟုတ်ပါဘူး။ နောက်တစ်ချက်က သန့်စင်ခြင်း ရိတ်သိမ်းခြွေလှေ့ သန့်စင်ခြင်းမှာလည်း ကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုအချက်များနဲ့ ဆောင်ရွက် ထားမယ်။ စိုက်စဉ်ကတည်းက ခြောက်တန်း တစ်တန်းနဲ့ စိုက်မယ်။ Seed Flow မှန်မယ်ဆိုရင် CERP Plan မှာ ထည့်ပြီး တောင်သူများကို ထောက်ပံ့ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခုစနေပါပြီ။ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလကုန်မှာ အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"ဟု ၎င်းက ဆက်ပြောသည်။
မန္တလေးတိုင်းအနေဖြင့် စပါးစိုက်ပျိုးဧက ၉၂၂၃ အတွက် ထောက်ပံ့ရန်ငွေ ကျပ်သန်းပေါင်း ၁၃၈၀ လျာထားကြောင်း၊ တောင်သူများအနေဖြင့် မျိုးစေ့များကို အဆင့်အတန်းနှင့်အညီ ရောင်းချနိုင်ခြင်းအားဖြင့် တောင်သူများ ဝင်ငွေတိုးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးမှ စပါးမျိုးစေ့များကို မကွေး၊ စစ်ကိုင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချနေကြောင်း သိရသည်။
ထိပ်ထားနိုင်