မန္တလေး  ၁၇  နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ စာသင်ကျောင်းဆောင်ပေါင်း (၂၁၆)လုံးအား ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် (၉၃၇၁) သန်းကျော်ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ စာသင်ဆောင်အဆောက်အဦပေါင်း(၂၁၆)လုံးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် (၉၃၇၁)သန်းဖြင့် ဆောက်လုပ်သွားမှာပါ၊ RCအဆောက်အဦအမျိုးအစားလည်းပါမယ်၊ Steel Structure အဆောက်အဦ အမျိုးအစားလည်းပါတယ်၊ ကျောင်းဆောင်တွေဆောက်လုပ်ဖို့ မနေ့က တင်ဒါဖွင့်ဖောက်တဲ့ လုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်၊ ပြီးရင် Profile တွေစစ်မယ်၊ Technicalတွေစစ်မယ်၊ ဒီဇင်ဘာ ပထမပတ်လောက်မှာ စာချုပ်ချုပ်နိုင်အောင် ဆောင်ရွက်ပြီး ဒီဇင်ဘာ ဒုတိယအပတ်လောက်မှာ ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နိုင်မယ်လို့ ရည်မှန်းထားပါတယ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်က ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်ဆောက်လုပ်သွားမည့် စာသင်ကျောင်းဆောင်များမှာ အောင်မြေသာစံမြို့နယ်တွင် (၃)ကျောင်း၊ ချမ်းအေးသာစံမြို့နယ်တွင်(၄)ကျောင်း၊ မဟာအောင်မြေမြို့နယ်တွင်(၄)ကျောင်း၊ ချမ်းမြသာစည်မြို့နယ်တွင်(၁)ကျောင်း၊ ပုသိမ်ကြီးမြို့နယ်တွင် (၇)ကျောင်း၊ အမရပူရမြို့နယ်တွင်(၄)ကျောင်း၊ ပြင်ဦးလွင်မြို့နယ်တွင် (၂)ကျောင်း၊ မတ္တရာမြို့နယ်တွင် (၆)ကျောင်း၊ စဉ့်ကူးမြို့နယ်တွင်(၁၀)ကျောင်း၊ သပိတ်ကျင်းမြို့ နယ်တွင်(၆)ကျောင်း၊ မိုးကုတ်မြို့နယ်တွင်(၄)ကျောင်း၊ ကျောက်ဆည်မြို့နယ်တွင်(၉)ကျောင်း၊ စဉ့်ကိုင်မြို့နယ်တွင်(၆) ကျောင်း၊ တံတားဦးမြို့နယ်တွင်(၃)ကျောင်း၊ မြစ်သားမြို့နယ်တွင်(၆)ကျောင်း၊ မြင်းခြံမြို့နယ်တွင် (၁၇)ကျောင်း၊ နွားထိုးကြီးမြို့နယ်တွင် (၁၅)ကျောင်း၊ တောင်သာမြို့နယ်တွင်(၃)ကျောင်း၊ ငါန်းဇွန်မြို့နယ်တွင်(၆)ကျောင်း၊ ညောင်ဦးမြို့နယ်တွင် (၅)ကျောင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၁၆)ကျောင်း၊ မိတ္ထီလာမြို့နယ်တွင်(၂၃)ကျောင်း၊ မလှိုင်မြို့နယ်တွင် (၆)ကျောင်း၊ ဝမ်းတွင်းမြို့နယ်တွင် (၁၃)ကျောင်း၊ သာစည်မြို့နယ်တွင်(၁၄)ကျောင်း၊ ရမည်းသင်းမြို့နယ်တွင်(၇) ကျောင်းနှင့် ပျော်ဘွယ်မြို့နယ်(၁၆)ကျောင်း စုစုပေါင်း(၂၁၆) ကျောင်း တို့တွင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၄၂၆၃)ရှိကြောင်း မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ စာရင်းများအရ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

mdn