မန္တလေး ၁၇ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၄)မြို့နယ်မှ ဆောင်းသီးနှံစိုက်တောင်သူများ၏ စိုက်ဧက (၂၃၁၅၁၇)အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်(၂၄ ဒသမ ၆၄)ဘီလီယံ ထုတ်ချေးပေးရန်လျာထားပြီး ယခုလ ဒုတိယအပတ်မှ စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်ယဉ်နွဲ့ ထံမှ သိရသည်။

 

“မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၄)မြို့နယ်က တောင်သူတွေကို ဆောင်းသီးနှံချေးငွေအဖြစ် စပါး(၂၉၉၄၇)ဧက နှင့် အခြားသီးနှံ(၂၀၁၅၁၇)ဧက စုစုပေါင်း (၂၃၁၄၆၄) ဧကအတွက် ငွေကျပ်(၂၄ဒသမ၆၄)ဘီလီယံ ချေးပေးဖို့ လျာထားပါတယ်၊ လက်ရှိမှာ ထုတ်ချေးပေးနေပါပြီ၊ ထုတ်ချေးပေးတဲ့ကာလ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ထုတ်ချေးပေးသွားမှာပါ၊ ပြန်ဆပ်ရမည့်ကာလ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးပါ၊ တစ်နှစ် အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးတာပါ၊ သတ်မှတ်ကာလ ကျော်လွန်ပါက ဒဏ်ကြေးအဖြစ် ငွေကျပ်(၁၀၀)လျှင် ပြား(၅၀) ထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်ယဉ်နွဲ့ က ပြောကြားသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများက တောင်သူများအား ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ စပါးသီးနှံအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံများ အတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆောင်းသီးနှံစိုက်တောင်သူများအား ဆောင်းသီနှံချေးငွေအဖြစ် ၂၀၁၉ ခုနှစ်တွင် ငွေကျပ် (၁၉ဒသမ၈၄) ဘီလီယံ ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင် ငွေကျပ်(၂၄ဒသမ ၆၄) ဘီလီယံ ထုတ်ချေးပေးရန် လျာထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ထုတ်ချေးပေးမည့် မြို့နယ်များမှာ အမရပူရ၊ ပုသိမ်ကြီး၊ မန္တလေး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ သာစည်၊ မြင်းခြံ၊ ငါန်းဇွန် နှင့် ကျောက်ပန်းတောင်း အစရှိသော မြို့နယ်(၁၄)မြို့နယ် ဖြစ်ပြီး ဆောင်းသီးနှံစိုက် တောင်သူများအား စိုက်ပျိုး စရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)