မန္တလေး ၁၆ မေ
မန္တလေးတိုင်းဒေသကြီးအစိုးရက ဒေသအတွင်းက အဝေးပြေးယာဉ်လိုင်းတွေကို ယနေ့မှစတင်၍ တိုင်းဒေသကြီးအတွင်း ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ(အဝေးပြေး) မှ သိရသည်။
“တိုင်းအတွင်းမှာပဲ ပြေးဆွဲရမယ်လို့ ညွှန်ကြားစာထွက်ထားပါတယ်၊ တိုင်းအတွင်းမှာပဲ ပြေးဆွဲရမယ်ဆိုတော့ တောင်ဘက်ဆိုရင် ရမည်းသင်းအထိရမယ် ပုဂံညောင်ဦးအထိရမယ်၊ အရှေ့ဘက်ဆိုရင် ပြင်ဦးလွင်အထိရမယ်၊ မြောက်ဘက်ကိုသွားမယ်ဆိုရင်တော့ တကောင်းအထိရမယ်၊ မန္တလေးတိုင်းအတွင်း ပြေးဆွဲနေတဲ့ အဲဒီယာဉ်လိုင်းတွေ ပြေးဆွဲခွင့်ရပါမယ်”လို့ မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ(အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။
ကိုဗစ်ရောဂါကြောင့် ပြေးဆွဲခွင့်ယာယီရပ်နားထားရတဲ့ အဝေးပြေးယာဉ်လိုင်းတွေထဲကမှ ဒေသတွင်းပြေးဆွဲတဲ့ ယာဉ်လိုင်းတွေကို ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ စံသတ်မှတ်ညွှန်ကြားချက်တွေနဲ့ အညီပဲ ပြေးဆွဲလုပ်ကိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
“ကျန်းမာရေးက ချမှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီတော့ လုပ်ကြဖို့လိုပါတယ်၊ ဒါကတော့ အရင်ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်းပါပဲ။ အဓိကကတော့ ထိုင်ခုံတွေကိုတစ်ခုနဲ့ တစ်ခုခြားထားဖို့ မျက်နှာချင်းဆိုင် ခုံမခင်းဖို့ပေါ့၊ အဲဒီလိုမလိုက်နာရင်တော့ အရေးယူခံရမှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မန္တလေးမြို့ရှိ ကားကွင်းများကို ဆေးဖျန်းခြင်းဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် စတင်ပြေးဆွဲသော ယာဉ်လိုင်းအနည်းငယ်သာရှိကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နဲ့မြို့နယ်တွေဆီ ခရီးသည်သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်လို့ ယာဉ်လိုင်းတွေကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ စံသတ်မှတ်ချက်၊ လမ်းညွှန်ချက်တွေနဲ့အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မေ ၁၅ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့သို့ ပြေးဆွဲခွင့်ပြုရာတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် စီးနင်းသူများအနေဖြင့် အဖြစ်မနေ Mask တပ်ဆင်ရန်နှင့် လက်ဆေးရန်၊ ယာဉ်ကို ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်ဆောင်ရန်၊ ခရီးသည်တင်ဆောင်ရာတွင် လိုက်နာရမည့်အချက်များအတိုင်း ပြေးဆွဲရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း လိုက်နာပြေးဆွဲရမည်ဖြစ်ကြောင်း သိရပြီး တိုင်းဒေသကြီးပြင်ပ အဝေးပြေးခရီးသည်ယာဉ်လိုင်းများကိုမှု ပြေးဆွဲခွင့် မပြုသေးကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


