မန္တလေး ၁၈ ဇွန်
မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ အသိအမှတ်ပြုချထားပေးသည့် ဟိုတယ်များ ပြန်လည်ဖွင့်လှစ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ ပြည့်စုံစွာဆောင်ရွက် ထားမှုများကို စစ်ဆေးလျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်အလုံး လေးရာကျော်ရှိသည့် အနက် ၇၀ ရာခိုင်နှုန်းနီးပါး ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးအတွက် ဟိုတယ်နှင့်တည်းခိုခန်းများကို ဖွင့်လှစ်ခွင့် ယာယီ ပိတ်ထား ခဲ့ရာမှ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက် အချက်(၅၉) ချက်အတိုင်း ပြည့်စုံစွာဆောင်ရွက်မှု ရှိ/မရှိစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ရယူထားသည့် ဟိုတယ် အလုံးပေါင်း ၄၀ဝ ကျော်ရှိရာ စစ်ဆေးပြီးစီးသည့် ဟိုတယ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံတင်ပြထားကြောင်း သိရပြီး အသုတ်လိုက်ခွဲကာ ပြန်လည်ဖွင့်လှစ် ခွင့်ပြုနေကြောင်း သိရသည်။
“တိုင်းဒေသကြီးအတွင်းမှာ ဟိုတယ်အလုံးလေးရာကျော်ရှိတယ်၊ ဖွင့်လှစ်တင်ပြတဲ့ဟိုတယ်များအား စစ်ဆေးပြီး ညွှန်ကြားချက်အတိုင်း ပြည့်စုံတယ်ဆိုရင် အသုတ်လိုက်ခွဲပြီး ဖွင့်လှစ်ခွင့်ပြုပေးနေတယ်။ တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ၆၀ ရာခိုင်နှုန်းကျော် ၇၀ ရာခိုင်နှုန်းနီးပါး စစ်ဆေးပြီးဖြစ်၍ တိုင်းအစိုးရ အဖွဲ့ထံ တင်ပြထားကာ ဖွင့်လှစ်ခွင့် ရရှိနိုင်အောင် ဆောင်ရွက်ထားကြောင်း” မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးစန်းယု က ပြောကြားသည်။
“စစ်ဆေးရာမှာ A အဆင့်ရှိတယ်ဆိုရင် ဖွင့်လှစ်ခွင့်ရရှိမယ်။B နဲ့ C ဆိုရင်တော့ လိုအပ်ချက်တွေ ရှိနေသေးလို့ ဖြည့်ဆည်းဆောင်ရွက်ရမှာပါ။အဲဒါကို ပြန်ပြီးစစ်ဆေးတယ်။ စစ်ဆေးပြီးတာတွေကို တိုင်းအစိုးရထံ တင်ပြတယ်” ဟု စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် ဟိုတယ်လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုံ)ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။
စစ်ဆေးမှုကို ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီး ဌာန၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ဟိုတယ်လုပ်ငန်းရှင်များအသင်း စသည့်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


