မန္တလေး  ၁၈   မေ

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်/မိုတယ်/တည်းခိုခန်းများအား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးစီးမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများသည် ဒုတိယ ဦးစားပေးတွင် ပါဝင်ကြောင်း သိရသည်။

 

အကြမ်းဖျင်းအားဖြင့် လိုက်နာရန်အချက်(၅၀)ကျော်ရှိပြီး ဖွင့်လှစ်လိုသော ဟိုတယ်/မိုတယ်/ တည်းခိုခန်းများ တင်ပြလာပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော စစ်ဆေးရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးသွားမည်ဟု မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌဦးမင်းနိုင်က ပြောသည်။

 

အဆိုပါစစ်ဆေးရေးအဖွဲ့တွင် ကျန်းမာရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာန တို့ပါဝင်မည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟိုတယ်/မိုတယ်/တည်းခိုခန်းများသည် မတ်လမှ စတင်၍ ပိတ်ထားရသဖြင့် ဝင်ငွေမရှိဘဲ နစ်နာမှုများရှိခဲ့ကြောင်း တိုင်းဒေသကြီးအတွင်းတွင် ဟိုတယ်နှင့်တည်းခိုခန်းအချို့ ပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်မှုများရှိသလို ခရီးသွားနည်းခြင်း ကိုဗစ်ထိန်းချုပ်နိုင်သည်အထိ စောင့်ပြီးမှ ဖွင့်လှစ်မည့် လုပ်ငန်းရှင်များလည်းရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ်စာရင်းများအရ ဟိုတယ်/မိုတယ်/တည်းခိုခန်း စာရင်းများမှာ မန္တလေးမြို့တွင်(၂၉၁) ခု(အခန်းပေါင်း၉၀၇၃)၊ ပုဂံညောင်ဦးတွင် (၉၆)ခု(အခန်း ပေါင်း၃၂၅၅)နှင့် အခြားမြို့များ အပါအဝင် (၄၀၁)ခု(အခန်းပေါင်း(၁၄၅၂၀)ရှိပြီး ထပ်တိုးများလည်း ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)