မန္တလေး ၄ ဧပြီ
မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၄၆ ရွာရှိ ဒေသခံပြည်သူများအတွက် ယခုနှစ် နွေရာသီကာလတွင် ရေပြတ်လပ်ရှားပါးမှု မဖြစ်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှ ကျပ်သန်းပေါင်း ၄၆၉ ဒသမ ၃၈၀ သုံးစွဲ၍ မြေသားရေကန်များ တူးဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောကြားသည်။
'နွေရာသီရောက်ရင် ကျေးရွာတော်တော်များများမှာ နှစ်စဉ် ရေရှားပါး ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်။ သောက်ရေ၊ သုံးရေ၊ ချိုးရေတွေနဲ့ တိရစ္ဆာန်တွေအတွက်လည်း ရေလုံလောက်မှု မရှိတဲ့အတွက် ဒေသခံ ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရတယ်။ အဲဒါကြောင့် ဒီနှစ်မှာ ရေပြည့်ဝစွာ သုံးစွဲနိုင်ဖို့ မြေသားရေကန်တွေ တူးဖော်ဖို့အတွက် တင်ဒါတွေခေါ်ယူပြီး ဆောင်ရွက်လျက်ရှိပါတယ် ' ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁၁ ခုမှ လုပ်ငန်းပေါင်း ၄၆ ခုကို စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင်လုပ်ငန်း၏ ၂၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါမြေသားရေကန်များ တူးဖော်၍ ရေများရရှိရန် ဆောင်ရွက်ပေးနေသော မြို့နယ်များမှာ ပြင်ဦးလွင်၊ မြစ်သား၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်မြို့နယ် အစရှိသည့် မြို့နယ်ပေါင်း ၁၃ မြို့နယ်မှ ကျေးရွာပေါင်း ၄၆ ရွာရှိ ဒေသခံပြည်သူ ၄၃၃၉၅ ဦးတို့အတွက် ရေများ ဖူလုံပြည့်ဝစွာ သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အောင်ဖြိုးကျော်


