မန္တလေး ၁၄ မေ
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အိမ်ရှင်မများ ဈေးဝယ်ယူရာတွင် အဆင်ပြေစေရန်ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် ပူးပေါင်းကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၉ မြို့နယ်၌ ဟင်းသီးဟင်းရွက်များအား နယ်လှည့်ဈေးကားဖြင့် လိုက်လံရောင်းချပေးနေကြောင်း သိရသည်။
ထို့သို့ရောင်းချရာတွင် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအား ထုတ်ပိုးမှုနည်းစနစ်များကို သင်ကြားပေးပြီး ထုတ်လုပ်သူနှင့် ဝယ်ယူသူ တိုက်ရိုက်ထိတွေ့နိုင်စေရန်အတွက် တောင်သူများကိုယ်တိုင် အဆိုပါဈေးကားဖြင့် လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သွားလာရောင်းချရရှိနိုင်သော မြို့နယ် ၉ မြို့နယ်တွင် ရပ်ကွက်များအထိ သွားရောက်ကာ ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းက ပြောသည်။
“ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ အိမ်ရှင်မတွေအနေနဲ့ ဈေးဝယ်တဲ့နေရာမှာ လူစုလူဝေးကြောင့် ရောဂါကူးစက်မှုမရှိစေဘဲ အဆင်ပြေစွာ ဝယ်ယူနိုင်စေဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ဌာနက တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သွားလာရောင်းချလို့ရတဲ့ မြို့နယ် ၉ မြို့နယ်မှာ ရပ်ကွက်တွေ၊ ဝန်ထမ်းအိမ်ရာတွေနဲ့ lockdown ချထားတဲ့နေရာတွေမှာ နယ်လှည့်ဈေးကားနဲ့ လိုက်လံပြီး တောင်သူတွေ ခြံထွက်ကြက်ဉတွေနဲ့ ဟင်းသီးဟင်းရွက် သီးနှံတွေ ရောင်းချပေးတာဖြစ်ပါတယ်။ ဒီလိုရောင်းချတဲ့အခါမှာ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံတွေကို ထုတ်လုပ်တဲ့ တောင်သူတွေကိုယ်တိုင် စားသုံးသူတွေ လက်ထဲအရောက် ဝန်ဆောင်မှုပေးတဲ့စနစ်နဲ့ ရောင်းချပေးတာဖြစ်ပါတယ်။ ရောင်းချပေးတဲ့ အချိန်မှာလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့ ကိုက်ညီအောင် ဝယ်ယူသူတွေကို လူစုလူဝေးမဖြစ်စေဖို့ စနစ်တကျ တန်းစီးပြီးရောင်းချပေးတာ ဖြစ်ပါတယ်။ အခုလိုရောင်းချပေးတဲ့ လုပ်ငန်းကို ကိုဗစ်ရောဂါ မပြီးမချင်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အဆိုပါ ဟင်းသီးဟင်းရွက်များ လိုက်လံရောင်းချပေးသည့် မြို့နယ် ၉ မြိုနယ်မှာ မန္တလေးခရိုင်အတွင်း၌ အမရပူရ၊ ပုသိမ်ကြီမြို့နယ်နှင့် မန္တလေးမြို့တွင်း၊ ကျောက်ဆည်ခရိုင်၌ ကျောက်ဆည်မြို့နယ်၊ ညောင်ဦးခရိုင်၌ ညောင်ဦးမြို့နယ်၊ ရမည်းသင်းခရိုင်၌ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်၊ ပြင်ဦးလွင်ခရိုင်၌ ပြင်ဦးလွင်နှင့် မတ္တရာမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ တောင်သူများ ကိုယ်တိုင်လိုက်ပါလျက် နယ်လှည့်ဈေးကားဖြင့် ဟင်းသီးဟင်းရွက်များ လိုက်လံရောင်းချပေးခြင်းများအပြင် ကျေးရွာများ၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းများနှင့်အတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကိုလည်း ထပ်မံဖြန့်ဝေပေးခြင်း မျိုးစေ့၊ ပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


