မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနား ကျင်းပ 


နေပြည်တော် မေ ၂၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ Natural Solar Power Co., Ltd. နှင့် Great Success Energy Co., Ltd. တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သပြေ ဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သပြေဝ-၃ နှင့် သာစည် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော် တည်ဆောက်ခဲ့မှု မှတ်တမ်း Video Clip ကို ကြည့်ရှုကြသည်။ 
ယင်းနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ MSME လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းရေး၊ အရည်အသွေးမြင့်မားသည့် ပညာရေးစနစ် ဖြစ်ပေါ်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာစေရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသည့်အတွက် တစ်နိုင်ငံလုံးမှ ပြည်သူအားလုံး သာတူညီမျှ ရရှိသုံးစွဲနိုင်ရေးအတွက် ရည်မှန်းချက်ထားကာ မူဝါဒများချမှတ်ပြီး “၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် သုံးစွဲရရှိရေး” အတွက် စွမ်းအင်အရင်းအမြစ် အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဉတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ် (Nationally Determine Cotribution – NDC) အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း (၅၁၅၆ မဂ္ဂါဝပ်)၊ နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်ပါဝင်မှု ၁၁ ရာခိုင်နှုန်း (၂၀၀၀ မဂ္ဂါဝပ်) လျာထားရေး ဆွဲထားပါကြောင်း၊ လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင်မှ ၃ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်ထုတ်လုပ်လျက်ရှိပြီး ထပ်မံ၍ နေရောင်ခြည်နှင့် လေစွမ်းအင်တို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာနေမှုများကိုလည်း MOU ၊ MOA ၊ LOA များ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် နေနှင့် လေစွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှု ပါဝင်မှုအချိုးအစားသည် မိမိတို့ ရည်မှန်းထားသည့် ၁၁ ရာခိုင်နှုန်းကို ပြည့်မီရောက်ရှိလာမည် ဖြစ်ပါကြောင်း။
ထိုသို့ ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ ရလဒ်တစ်စိတ် တစ်ပိုင်းဖြစ်သည့် ယခုတည်ဆောက် ပြီးစီးခဲ့သော Natural Solar Power Co., Ltd. ၏ သပြေဝ-၃ (၃၀ မဂ္ဂါဝပ်) နှင့် Great Success Energy Co., Ltd. ၏ သာစည် (၃၀ မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသည် Build – Operate - Own - BOO (တည်ဆောက်/ လည်ပတ်/ ပိုင်ဆိုင်) စနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတပ်ဆင်အင်အား (၆၀ မဂ္ဂါဝပ်) ဖြစ်၍ တစ်နှစ်လျှင် စုစုပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၈ သန်း ထုတ်လုပ် ပေးနိုင်မည်ဖြစ်၍ အိမ်ထောင်စုပေါင်း ၉၉,၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထပ်တိုးဖြန့်ဖြူး ပေးနိုင်မည်လည်းဖြစ်ပါကြောင်း၊ သပြေဝ-၃ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို (၁၃) လအတွင်း တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ်၊ မတ် ၃၀ ရက်တွင် လည်းကောင်း၊ သာစည် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို (၁၄) လအတွင်း တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အား လိုင်းဖြင့် ၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် လည်းကောင်း အသီးသီး ချိတ်ဆက်၍ ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဓာတ်အားစနစ် ကွန်ရက်အတွင်းတွင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားများ ချိတ်ဆက်ပို့လွှတ်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံ (၆) ရုံ ရှိရာမှ ယခုထပ်မံ၍ (၂) ရုံမှ ထွက်ရှိသော ဓာတ်အားများကိုလည်း နိုင်ငံတော်ဓာတ်အားစနစ် အတွင်းသို့ ထပ်မံချိတ်ဆက်ပို့လွှတ်နိုင်ပြီဖြစ်သည့်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ (၈) ရုံ၊ စုစုပေါင်း တပ်ဆင်စက်အင်အား (၂၄၀) မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ပြီ ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှု အချိုးအစား (Generation Mix) အားဖြင့် ရေအား (၄၅) ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ (၅၀) ရာခိုင်နှုန်း၊ နေရောင်ခြည် (၃) ရာခိုင်နှုန်း၊ ကျောက်မီးသွေး (၂) ရာခိုင်နှုန်းတို့ဖြင့် လျှပ်စစ် ဓာတ် အားထုတ်လုပ်လျက်ရှိပါကြောင်း။
လက်ရှိ အချိန်တွင် စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အား ပေးစက်ရုံများနှင့် ဓာတ်အားလိုင်းဆိုင်ရာ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်လျက်ရှိသောကြောင့် လျှပ်စစ်ဓာတ်အား ထိန်းညှိထုတ်လုပ် ဖြန့်ဖြူးနေမှုမှာ ၂၉၅၀ မဂ္ဂါဝပ်ခန့်သာရှိပါကြောင်း၊ သို့ရာတွင် ခန့်မှန်းဓာတ်အား လိုအပ်ချက်မှာ ၄၂၀၀ မဂ္ဂါဝပ်ခန့် ရှိသောကြောင့် အများပြည်သူ မီးသုံးစွဲမှုများသော နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ဓာတ်အား ၁၂၅၀ မဂ္ဂါဝပ်ခန့်ကို ဝန်အား ထိန်းညှိလျှော့ချခြင်းများ ဆောင်ရွက်နေရပြီး ဓာတ်အားလိုင်းထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း တစ်ချိန်ထဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို နားလည်သဘောပေါက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ် ပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက် ပေးစေလိုကြောင်း ပြောကြားသည်။ 
ဆက်လက်၍ Natural Solar Power Co.,Ltd နှင့် Great Success Energy Co.,Ltd မှ တာဝန်ရှိသူက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ တည်ဆောက်ရခြင်း၏ အကျိုးကျေးဇူးများနှင့် ဓာတ်အားပေးစက်ရုံစီမံကိန်းများ တည်ဆောက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်