မန္တလေး ၂၂ မေ

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ယခု၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယမန်နှစ် ကာလတူလများထက် ၆၅၀ဝဝ ကျော် ပိုမိုဝင်ရောက်မှုရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုမှာ ၁၇၃၆၆၄ ဦး ရှိခဲ့သော်လည်း ယခု ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလမှ ဧပြီလအထိ ၂၄၁၅၉၉ ဦး ဝင်ရောက်လျက်ရှိသဖြင့် ယမန်နှစ်ကာလတူထက် ၆၇၉၃၅ ဦး ပိုမိုဝင်ရောက်လာပြီး ဝင်ရောက်မှုအများဆုံးမှာ လေကြောင်းလိုင်းများမှဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

“မန္တလေးလေဆိပ်မှာ ၂၀၁၉ ခုနှစ်ကစပြီး နိုင်ငံတကာလေကြောင်းလိုင်း ၂၀ လောက် တိုးချဲ့ပြေးဆွဲနေတယ်။ ယခင် တရုတ်လေကြောင်းလိုင်းက ငါးခုပဲရှိပေမယ့် ဒီနှစ်မှာ ၁၁ ခုထိ တိုးချဲ့ပြေးဆွဲနေသလို အခြားလေကြောင်းလိုင်းတွေလည်း တိုးချဲ့ဆင်းသက်နေကြတဲ့အတွက် လေဆိပ်ကနေ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုက လက်ရှိအနေအထားအရ ယခင်နှစ် ကာလတူထက် ၁၀၂ ရာခိုင်နှုန်း ပိုမိုဝင်ရောက်လာနေတယ်။ ဝင်ရောက်မှု အများဆုံးကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်” ဟ၎င်းက ပြောသည်။

နိုင်ငံတကာခရီးသွားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်လာသည့်အလျောက် ရောက်ရှိလာသည့် ခရီးသွား ဧည့်သည်နှင့် ကိုက်ညီမှုရှိသော ခရီးစဉ်ဒေသများ ဖြစ်ပေါ်စေရန်အတွက်လည်း ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်သူအားလုံးမှ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး စနစ်တကျ စီမံခန့်ခွဲနိုင်မှုပေါ်မူတည်၍ ခရီးသွားလုပ်ငန်းမှ အမျိုးသားအကျိုး စီးပွားဖြစ်ထွန်းမှုကိုလည်း အမှန်တကယ်ရရှိစေနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာခရီးသွားတွေအနေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာအမွေအနှစ် လက်မှုပညာရပ်တွေ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေ၊ စာပေဂီတ အနုပညာရပ်တွေ၊ သဘာဝအရင်းအမြစ်တွေနဲ့ မထိတွေ့ရသေးတဲ့ ခရီးစဉ်ဒေသတွေကို လေးစားတန်ဖိုးထားတတ်တဲ့ ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာမယ်ဆိုရင် ရေရှည်တည်တံ့တဲ့ ခရီးသွားလုပ်ငန်းအဖြစ် ရပ်တည်နိုင်မယ့်အပြင် အမျိုးသားအကျိုးစီးပွားကိုလည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်

တိုင်းဒေသကြီးအတွင်းသို့ နှစ်အလိုက် နိုင်ငံတကာခရီးသွားများ ဝင်ရောက်မှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦးတို့ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ယမန်နှစ်များထက် ပိုမိုတိုးတက်ဝင်ရောက်ရန် ခန့်မှန်းလုပ်ဆောင်နေကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)