မန္တလေး ၆ သြဂုတ်
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ယခုနှစ် နိုင်ငံတကာခရီးသွားများ ဝင်ရောက်မှုမှာ လက်ရှိ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း ယမန်နှစ်ကာလတူထက် တစ်သိန်းကျော် ပိုမိုဝင်ရောက်မှုများ ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း တိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၂၃၁၀ဝ၂ ဦး ဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လအထိ ၃၄၃၄၁၁ ဦး ဝင်ရောက်ခဲ့ရာ ကာလတူနှိုင်းယှဉ်ချက်အရ ယမန်နှစ်ထက် ၁၁၂၄၀၉ ဦး တိုးတက်ဝင်ရောက်မှု ရှိလာကြောင်း သိရသည်။

''လက်ရှိမှာ ခရီးသွားရာသီမရောက်သေးပေမယ့် နိုင်ငံတကာ ဧည့်သည်ဝင်ရောက်မှုက တိုးတက်နေတဲ့အတွက် ခရီးသွားရာသီဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်းမှာ ဒီထက်ပိုပြီး ဝင်ရောက်လာမယ်လို့ မျှော်လင့်နေပါတယ်။ လာမယ့် အောက်တိုဘာလကစပြီး ဆိုက်ရောက်ဗီဇာစနစ်နဲ့ ခွင့်ပြုမယ့် ဥရောပ ခြောက်နိုင်ငံက ခရီးသွားတွေအနေနဲ့လည်း Package Tour တွေ ချက်ခြင်း မလာနိုင်သေးပေမယ့် ပုဂံဒေသက UNESCO ဝင်သွားတဲ့အတွက် Transit Tour တွေတော့ ဝင်ရောက်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းကလည်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ ပြည်တွင်းကို အလွယ်တကူဝင်ရောက်နိုင်အောင် ဗီဇာကင်းလွတ်ခွင့်တွေ ဆိုက်ရောက်ဗီဇာစနစ်တွေနဲ့ ဖြေလျော့မှုတွေ ပေးနေတဲ့အပြင် ပို့ဆောင်ရေးကဏ္ဍမှာလည်း အဆင့်မြင့်တင်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
ထို့ပြင် နိုင်ငံတကာ ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ် ဒေသသစ်များနှင့်အတူ ခရီးသွား အမျိုးအစား စုံလင်စေရန် ကြိုးစားဖော်ထုတ်ခြင်း၊ Tourism Promotion အဖြစ် နိုင်ငံတကာ အစားအစာပြပွဲများ ကျင်းပရန် စီစဉ်ခြင်း၊ ရိုးရာခြင်း အလှခတ်ပြပွဲများဖြင့် ဆွဲဆောင်ခြင်းများအပြင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အခြေခံအဆောက်အအုံများ တိုးမြှင့်ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ပြည်တွင်းကို နိုင်ငံတကာ ခရီးသွားတွေ ယခင်ကထက် ပိုမိုတိုးတက် ဝင်ရောက်လာမှာကတော့ အသေချာပါပဲ။ ဒါပေမယ့် တိုးတက် ဝင်ရောက်လာမယ့် ခရီးသွားတွေအတွက် လိုလေသေးမရှိ စီမံခန့်ခွဲမှုအပိုင်းကိုတော့ ပိုပြီးစနစ်တကျ ပူးပေါင်းလုပ်ဆောင်သွားရမယ့် တာဝန်တော့ ရှိလာမှာပါ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အင်နဲ့အားနဲ့ များပြားစွာ ဝင်ရောက်လာမယ့် ခရီးသွားတွေအတွက် စီမံခန့်ခွဲဖို့ အတွေ့အကြုံ မရှိသေးတဲ့အတွက် အားနည်းချက် လိုအပ်ချက်တွေ ဖြစ်လာရင်လည်း ကြိုတင်ပြင်ထားရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ ဂုဏ်ဒြပ်ကိုလည်း ထိန်းသိမ်းထားရမယ့်တာဝန် အားလုံးမှာ ရှိပါတယ်။ ဒါကို အားလုံးပူးပေါင်းပါဝင်ပြီး ထိန်းသိမ်းနိုင်မယ်ဆိုရင် မြန်မာဆိုတဲ့အမှတ်တံဆိပ်ကို ကမ္ဘာက သိရှိသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာခရီးသွား ဝင်ရောက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၃၀၆၄၃၂ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦးတို့ တိုးတက်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)