မန္တလေး ၂၇ ဖေဖော်ဝါရီ
တရုတ်နိုင်ငံ ဝူဟန်မြို့မှစ၍ ကူးစက်ပြန့်ပွားနေသည့် ပြင်းထန်အဆုတ်ရောင် နမိုးနီးယားရောဂါ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်၍ ကြိုတင်ပြင်ဆင်ကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က လက်ရှိတွင် မန္တလေးလေဆိပ်၌ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ခရီးသွားများအား Thermal Scanner ဖြင့် စစ်ဆေးနေပြီး ဆက်လက်၍ လေကြောင်းသာမက ရေကြောင်း၊ ကုန်ကြောင်း စသည့် ဝင်/ထွက်ပေါက်များကိုပါ စောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊ သံသယလူနာ တွေ့ရှိပါက စနစ်တကျ သယ်ယူကာကွယ်ကုသနိုင်ရန် လိုအပ်လာခြင်းကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်စပ်နှီးနွှယ်သည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအားလုံးပါဝင်သည့် Survey and Response Team ဖွဲ့စည်းဆောင်ရွက်ရန် ယခုကဲ့သို့ အစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း အဆိုပါရောဂါအကြောင်းကို သိရှိနေကြပြီဖြစ်သည့်အတွက် စိုးရိမ်ထိန့်လန့်မှု မရှိစေရန် စနစ်တကျကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အဆိုပါရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ စနစ်တကျ ပြင်ဆင်ကာကွယ် တားဆီးမှုအခြေအနေများကို မှန်မှန်ကန်ကန် အသိပေးလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မန္တလေးမြို့ရှိ ဟိုတယ်၊ တည်ခိုခန်းပိုင်ရှင်များမှလည်း မိမိတို့ ဟိုတယ်များတွင် လာရောက်တည်းခိုသူများအနက် အဆိုပါရောဂါနှင့် ပတ်သက်၍ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် အဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရန် ဆောင်ရွက်ထားရှိဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က တံတားဦးလေဆိပ်တွင် ဆိုက်ရောက်လာသည့် ခရီးသည်များအား ပြင်းထန်အဆုတ်ရောင် နမိုးနီးယားရောဂါ လက္ခဏာများနှင့် ကာကွယ်ရမည့် နည်းလမ်းများကို LED ဘုတ်များ၊ ဗီနိုင်းများ ချိတ်ဆွဲကာ ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ထားရှိမှုများ၊ Thermal Scanner နှစ်လုံးတပ်ဆင်၍ ခရီးသည်များနှင့် အဖျားရောဂါ ရှိ၊ မရှိ စမ်းသပ်ဆောင်ရွက်နေမှုများ၊ သံသယလူနာ တွေ့ရှိပါက စမ်းသပ်စစ်ဆေးမှုပြုလုပ်ရန် လေဆိပ်တွင် သီးသန့်အခန်း ဖွဲ့စည်း၍ လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပြင်ဆင်ထားရှိမှုများနှင့် လူနာတွေ့ရှိပါကလည်း သီးသန့်သယ်ယူနိုင်ရေးအတွက် လေဆိပ်ထွက်ပေါက်တစ်ခု စီစဉ်ထားရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါ လူနာများအတွက် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး၊ ခုတင် ၅၅၀ ဆံ့ဆေးရုံ၊ ခုတင် ၃၀ဝ သင်ကြားရေး ဆေးရုံနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးများတွင် သီးသန့်လူနာခန်းများ၊ ထားရှိကုသရန် စီစဉ်ထားပြီး ပုဂ္ဂလိက ဆေးရုံကြီးများသို့လည်း ၎င်းလူနာများ ရောက်ရှိလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များကို ဖြန့်ဝေပေးထားပြီး အထက်မြန်မာပြည် ပုဂ္ဂလိကဆေးရုံများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်မှာကြားထားသည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းလမ်းညွှန်ချက်များကို တိုင်းဒေသကြီးအတွင်းရှိ ဗဟိုအဆင့်ဆေးရုံကြီးများ၊ ခရိုင်နှင့် မြို့နယ်ဆေးရုံများသို့ ဇန်နဝါရီ ၂၄ ရက်တွင် ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်းနှင့် အထွေထွေရောဂါကု ဆရာဝန်များအနေဖြင့် ၎င်းတို့ဆေးခန်းများသို့ အဆိုပါလူနာများရောက်ရှိလာပါက ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံကြီးများသို့ အသိပေးအကြောင်းကြားနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၂၇ ရက်မှစ၍ မန္တလေးတံတားဦးလေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသွားများအား လေဆိပ်တွင်ထားရှိသည့် Health Declaration Form ဖြည့်သွင်းပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သော ကြောင့် လေဆိပ်တာဝန်ရှိသူများမှ ၎င်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဝင်ရောက်လာသည့် ခရီးသွားများ တည်းခိုသည့် ဟိုတယ်ပိုင်ရှင်များနှင့် ဧည့်လမ်းညွှန်များမှ ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် မကြာမီ မန္တလေးမြို့သို့ ရောက်ရှိလာမည့် ဝူဟန်မြို့မှ မြန်မာကျောင်းသား ကျောင်းသူ ၆၀ ဦးအား ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုရန် ၆၂ လမ်းပေါ်ရှိ ယခင်ကူးစက်ရောဂါကုဆေးရုံကြီးဟောင်းတွင် ထားရှိရန်လျာထားသည့် အစီအစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်ချက်ပေးနိုင်ရန် တင်ပြခဲ့သည်။
ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအသီးသီးမှ အဆိုပါရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လုပ်ငန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် Survey and Response Team ကို အမြန်ဆုံး ဖွဲ့စည်းရန်နှင့် မကြာမီ ရက်ပိုင်းအတွင်း ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူလာသည့် မြန်မာ ကျောင်းသား၊ ကျောင်းသူ ၆၀ ရောက်ရှိလာပါလည်း မန္တလေးတံတားဦးလေဆိပ်မှ စနစ်တကျ ခေါ်ယူထားရှိ၍ ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုရမည့် လုပ်ငန်းများအတွက် လမ်းညွှန်မှာကြားခဲ့ပြီး ပြင်းထန်အဆုတ်ရောင် နမိုးနီးယားရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)