မန္တလေး ၁၃ ဇွန်

ယခင်အစိုးရလက်ထက် ပြန်လည်ပေးသွင်းရန် ကျန်ရှိငွေအားလုံး ရရှိပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

 

ယခင်အစိုးရက ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေခြင်းမဟုတ်ဘဲ ပြည်သူများက ပြန်လည်ပေး ဆပ်ရန်ကျန်ရှိသည့် ငွေများဖြစ်သည်ဟု ၎င်းကဆိုသည်။ 

 

"အဓိက ဟိုအရင်လက်ထက် ဘီလီယံချီတဲ့ပိုက်ဆံတွေက အကုန်ကျေသွားပြီ မရှိတော့ဘူး။ မီးလင်းရေးက အစိုးရနဲ့ တိုက်ရိုက်မဆိုင်တော့ဘူး။ သူတို့က ဒေသခံပြည်သူတွေ မီးလင်းအောင်လုပ်ပေးလိုက်တဲ့အခါမှာ စီမံခန့်ခွဲရေးအဖွဲ့ပေါ့ တာ၀န်ခံ မီးလင်းပေးတယ်။ ပြည်သူကပြန်ပေးရမယ်ဟာ မရသေးတာ"ဟု ဝန်ကြီး ဦးမြတ်သူက ပြောသည်။

 

ယခင်အစိုးရလက်ထက်က အသုံးပြုခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများနှင့် ပတ်သက်၍ ပေးဆပ်ရန်ကျန်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုမှ ကျပ်သန်း ၃,၁၀၀ ကျော်ကို ပေးသွင်းရန် ဇွန် ၈ ရက်တွင်  ညွှန်ကြား ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၌ပြုလုပ်သည့် အစိုးရလေးနှစ်တာကာလ ဆောင်ရွက်မှု သတင်းစာ ရှင်းလင်းပွဲအပြီးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားခဲ့သည်။ အဆိုပါ ကျပ်သန်း ၃,၁၀၀ တွင် မန္တလေးတိုင်းမှ မီးလင်းရေးရန်ပုံငွေအဖြစ် အသုံးပြုခဲ့သော ကျပ် ၃၂၂ သန်း ပေးသွင်းရန် ကျန်ရှိသည်ဟု သိရသည်။

 

ထို့အပြင် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်အရ တိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေများနှင့် ပတ်သက်၍ ယခင်တိုင်းအစိုးရအဖွဲ့သည် ကျပ်သန်း ၃,၀၀၀  ပြန်လည်ပေးဆပ်ရန်ရှိကြောင်း ၂၀၁၈ ဇွန် ၂၈ ရက်က ကျင်းပခဲ့သည့် အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပြီးနောက် ယခင်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက လေးရစ်ခွဲကာ ၂၀၁၉ ဧပြီတွင် အပြီးသတ် ပေးသွင်းခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ဖြိုးအိ