မန္တလေး ၆ မေ
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်တို့တွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ၂၀၂၀-၂၀၂၁ ခုနစ်ဘဏ္ဍာနစ်အတွက် ငွေကျပ် ၅ ဒသမ ၃ ဘီလီယံ လျာထားချက်ရှိပြီး ကျေးရွာပေါင်း၂၁ ရွာ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောကြားသည်။
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအပြင် မြစ်ကြောင်းရေလမ်းထိန်းသိမ်းရေးလုပ်ငန်း ၄ ခု အတွက် ငွေကျပ်သန်း ၉၀ဝ လျာထားချက်ရှိပြီး တိုင်းလွှတ်တော်ရေးရာကော်မတီမှ အတည်ပြုပြီးချိန်တွင် လုပ်ငန်းများ စတင်မည်ဟု ဆိုသည်။
“ဒီနှစ် တိုင်းဒေသကြီးအစိုးရက ဘဏ္ဍာငွေ အကြမ်းဖျဉ်းခွဲဝေချထားပေးမှုအရ ကမ်းပြို ကာကွယ်ရေးအတွက် ငွေကျပ် ၅ ဘီလီယံ ကျော် ချပေးတော့ အရေးကြီးပြီး မဖြစ်မနေလုပ်ရမယ့် နေရာ(၂၀) ရွေးလိုက်ရတယ်။ အဓိက ဧရာဝတီမြစ်ဖြစ်ပြီး ဒုဋ္ဌဝတီ မြစ်လည်းပါတယ်။ကျန်တာက ရွာဘက်တွေမှာ တောင်ကျချောင်းတွေက ကမ်းပါးပြိုတာနဲ့ဆည်ရေကြောင့် ရေကြီးရေလျှံဖြစ်တဲ့ နေရာတွေပါဝင်တယ်။ ရေလမ်းထိန်းသိမ်းရေးမှာ သောင်တူးလုပ်ငန်းတွေပါတယ်” ဟု ၎င်းက ပြောကြားသည်။
ယခုနှစ်တွင် မြို့နယ်အသီးသီးမှ ကျေးရွာများ၌ ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်ပေးရန် တင်ပြလာသည့် ကျေးရွာပေါင်း ၅၀ ခန့်ရှိအတွက် ၁၆ ဘီလီယံကျော် သုံးစွဲရမည်ဖြစ်သော်လည်း တိုင်းအစိုးရမှ လျာထားချမှတ် သည့် ၅ ဘီလီယံကျော်နှင့် ကိုက်ညီအောင် ၂၁ ရွာကို ဦးစားပေး ရွေးချယ်ရခြင်းဖြစ်ပြီး လာမည့်နှစ်များတွင် လုပ်ငန်းလုပ်ဆောင်ရန် ထည့်သွင်းပေးသွားမည် ဟု သိရသည်။
“ကမ်းပြိုကာကွယ်ရေးလုပ်ငန်းသဘာဝအရ မြစ်ရေမတက်ခင် စတင်ပြီး ရေတက်ချိန် ဇူလိုင်လမှာ လုပ်ငန်း အပြီးသတ်နိုင်အောင် လုပ်ရတာဖြစ်လို့ အချိန်က အရေးကြီးတယ်။ လုပ်ငန်းလုပ်ဖို့ကလည်း ဒီနှစ်မှာ ဌာနက တစ်ခုမှမလုပ်တော့ဘဲ သတ်မှတ်ချက်ကိုက်ညီတဲ့ ကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ချပေးတယ်။ဌာနနဲ့ Third Party အဖွဲ့က စစ်ဆေးတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်းအဖြစ် ကျေးရွာပေါင်း ၂၀ တွင် ဆောင်ရွက်နေပြီး နှစ်စဉ် ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ်ကမ်းတို့တွင် ကမ်းပြိုမှုဒဏ်ခံစားသည့် ကျေးရွာများအတွက် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများက ၎င်းတို့ဒေသ ကမ်းပြိုမှုများကို တင်ပြလာသည့်အခါ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


