နေပြည်တော် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် လားရှိုး-မန္တလေးသွား AD VAN ခရီးသည်တင်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်၌ လူမဲ့တန်ဆာ တင်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၄၇ ကီလို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါ စိတ်ပြောင်းဆေးဝါးများကို လားရှိုးမှ မြစ်ကြီးနားသို့ သယ်ဆောင်ရောင်းဝယ်သူများ ဖြစ်ကြသည့် ပြည့်ဖြိုးအောင်(ခ)ဆိုင်လျန်း အား မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် မြစ်ဖျားဧရာအဝေးပြေးကားဝင်းတွင် ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ ဇာနည်မျိုးနိုင်(ခ)ဇာနည် အား မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး Happy Water ၂၁၀ ဂရမ်၊ LEXUS ယာဉ်တစ်စီးနှင့်လည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
စုစုပေါင်းဖမ်းဆီးရမိမှုမှာ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလိုဖြစ်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး Happy Water များကို ရှမ်းပြည်နယ်မှ မန္တလေး၊ ယင်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ လူမဲ့တန်ဆာဖြင့် သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင် များတွင် ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်