နေပြည်တော်  ၂၅  ဇွန်

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ညှိနှိုင်း တောင်းဆိုလာမှုအရ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ ပေနက် တွင်းတူးစက် အကူအညီရယူကာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လတ်မှုရှိနေသော ကျေးရွာများအတွက် ရေနက်တွင်းတူးဖော်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ရေနက်တွင်း တူးဖော်ခြင်းလုပ်ငန်းများအနက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် (၁၈ ဒသမ ၄၃) သန်းဖြင့် နှစ်စဉ် ရေရှားပါးပြတ်လတ်ပြီး သန့်ရှင်းသော သောက်သုံးရေ လိုအပ်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆားတောင် ကျေးရွာအုပ်စု၊ အေးသာယာကျေးရွာ၌ အနက်ပေ (၇၀ဝ) စက်ရေတွင်း (၁)တွင်းနှင့် ဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန် လုပ်ငန်းကို ဇွန် (၁၆) ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ဇွန် (၂၄) ရက်တွင် ရေတွင်းတူးဖော်ခြင်း လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ကျန်ဆက်စပ် လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက ဇွန် (၂၅) ရက်တွင် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လတ်သည့် ကျေးရွာများ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၆)ရွာ၌ အဝီစိရေနက်တွင်းတူးဖော်ခြင်း၊ ဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပါတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၄)ရွာတို့၌ ထပ်မံတူးဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း လုပ်ငန်းများ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)