နေပြည်တော်၊ အောက်တိုဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငွေကျပ်သိန်း ၇,၂၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများနှင့် ပစ္စတိုသေနတ် ၁ လက်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက် ည ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၃ x ၅၄ ကြားတွင် စိုင်းဆိုင်လှိုင်းမောင်းနှင်ပြီး ဖြိုးငြိမ်းကျော် လိုက်ပါလာသည့် SUZUKI SWIFT မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၁,၇၀၀ ၊ ကက်တမင်း ၂ ဒသမ ၅၅ ကီလိုနှင့် Happy Water ၃၀ ဂရမ် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်း အဖွဲ့သည် ည ၈ နာရီတွင် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ဖြိုးငြိမ်းကျော်ငှားရမ်းနေထိုင်သည့် နေအိမ်မှ အက်တက်စီဆေးပြား ၆၀၊ Happy Water ၂၂၅ ဂရမ်နှင့် ကက်တမင်း ၁၀၇ ဒသမ ၅ ဂရမ် အားလည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် လွင်ထူးအောင်ကို အောက်တိုဘာ ၆ ရက်  မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၂)အနီးတွင် JETOUR  X 70 မော်တော်ယာဉ် ၁ စီး၊ ကက်တမင်း ၇ ဒသမ ၄၀၅ ကီလို၊ Happy Water ၈၀၀ ဂရမ်၊ အက်တက်စီဆေး ၂ ပြား၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပြောင်းပို ၁ ခု၊ အသံတိတ်ပြောင်းပို ၁ ခု၊ မြန်မာငွေကျပ် ၁၀ သိန်း နှင့်လည်းကောင်း၊ အိုက်ကွမ်း(ခ)စိုင်းကွမ်းခမ်း ကို ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဟိုဆောင် နယ်မြေရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇,၂၀၀ ကျော်တန်ဖိုးရှိ ကက်တမင်း ၁၀ ဒသမ ၀၆၂၅ ကီလို၊ Happy Water ၁ ဒသမ ၅၅ ကီလိုနှင့် အက်တက်စီဆေးပြား ၁,၇၆၂ ပြားသိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်မှ ကရင် ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)