နေပြည်တော် ၁၀ မေ 


ယခုအချိန်ကာလသည် မြန်မာနိုင်ငံတစ်ဝန်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်တတ်သည့် ရာသီကာလတစ်ခုဖြစ်ပြီး ယခုနှစ်တွင်လည်း ဧပြီလဆန်းခန့်မှစ၍ လေပြင်းတိုက်ခတ်မှုများ စတင်ဖြစ်ပွားလျက်ရှိသည်။ 


ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရမည်းသင်းမြို့နယ်၌ အိမ်ခြေ(၁၀၀)ကျော်ခန့်၊ ပျော်ဘွယ်မြို့နယ်၌ အိမ်ခြေ(၅၀)ကျော်ခန့် အမိုးအကာလန်ပျက်စီးခဲ့ပြီး သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျခြင်း၊ ဓါတ်တိုင်များ လဲပြိုခြင်းတို့ရှိခဲ့ကြောင်း၊ အလားတူ ရှမ်းပြည်နယ်အတွင်း နမ့်စန်၊ လင်းခေး၊ ဆီဆိုင်၊ မိုင်းဆတ် မြို့နယ်တို့၌ စုစုပေါင်း အိမ်ခြေ(၁၀၀)ကျော်ခန့် ပျက်စီးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။


သို့ပါ၍ သက်ဆိုင်ရာဒေသရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးများအနေဖြင့် ထောက်ပံ့မှုများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ဒေသရှိဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံတစ်ဝန်း၌ ဧပြီ ၉ရက်မှ မေ ၉ ရက်အထိ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်(၄၀၇)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၄)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၆၆၂၅)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၃၅)လုံး အမိုးအကာလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူ(၂)ဉီး သေဆုံးခဲ့သည်။


လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေး ပစ္စည်းဖိုးများနှင့် သေဆုံးသူထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ကျပ်(၃၃၅ ဒသမ ၇)သန်းကျော် ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။


ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရသည်။ 


သတင်းစဉ်