မန္တလေး ၂၃ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီးရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန် ဥပဒေ(မူကြမ်း)ကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းထားကြောင်း တိုင်းဒေသကြီးလွှတ်တော် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထံက သိရသည်။
ယခင် မန္တလေးတိုင်းဒေသကြီးရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေကို ဖျက်သိမ်းပြီး ယခုဥပဒေ(မူကြမ်း) ကို ပြန်လည်ရေးဆွဲကာ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။
"ယခင် ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေးဥပဒေက ပျက်သွားပြီ။ အရင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အခုပြန်ရေးဆွဲထားတဲ့ ဥပဒေထဲမှာဆိုရင် ပုဒ်မနှစ်ခုတိုးလာတယ်။ နောက်ပြီးလိုအပ်ချက်တွေ၊ ပြင်ဆင်ရမယ့် နေရာတွေကို ဖြည့်ထားတယ်” ဟု ဦးတင်အောင်က ပြောသည်။
၂၀၁၅ ခုနှစ် ဧပြီလအတွင်းတွင် ကျင်းပခဲ့သည့် ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် အခန်းပေါင်း ၁၁ ခန်းနှင့် ပုဒ်မ ၄၄ ခု ရှိခဲ့သည်။
ယခုတင်သွင်းထားသည့် ဥပဒေကို အတည်ပြုနိုင်ရန်အတွက် လွှတ်တော်အတွင်း လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးမှုများ ပြုလုပ်ဦးမည် ဖြစ်သည်။
ယခုတင်သွင်းထားသည့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (မူကြမ်း)တွင် အခန်းပေါင်း ၁၁ ခန်းနှင့် ပုဒ်မပေါင်း ၄၆ ခု ပါဝင်ကြောင်း သိရသည်။
သူရိန်လင်း


