မန္တလေး ၂၉ ဧပြီ
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့်ဒေသများမှ ပြန်ရောက်လာသူများအနေဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်း နေထိုင်လိုပါက Quarantine ဝင်ရောက်ရမည်ဖြစ်ပြီး ရောဂါပိုးမရှိသည့် ဒေသများမှ ပြန်ရောက်ရှိလာသူများမှာလည်း လိုအပ်ပါက Quarantine ဝင်ရောက်ရမည်ဖြစ်သည်။
“ကိုဗစ်-၁၉ ရောဂါပိုးရှိတဲ့ဒေသကနေ မန္တလေးတိုင်းဒေသကြီးထဲ ပြန်ရောက်လာသူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ Quarantine စင်တာတွေမှာ ၂၁ ရက်နဲ့ Home Quarantine ၇ရက် ဝင်ပြီးမှသာ တိုင်းဒေသကြီးအတွင်းမှာ နေထိုင်ခွင့်ပြုသွားမှာပါ၊ ကိုဗစ်-၁၉ ရောဂါပိုးမရှိတဲ့ ဒေသတွေ ကနေပြန်လာသူတွေကလည်း တာဝန်ရှိသူတွေရဲ့စုံစမ်းစစ်ဆေးလို့ Quarantine ဝင်ဖို့ လိုအပ်ရင် ဝင်ရမှာပါ။ " ဟု မန္တလေးတိုင်းဒေသကြီး သတင်းမှန်ပြန်ကြားရေးနှင့် ကိုဗစ်-၁၉ သတင်းမှားဖြန့်ဝေသူများအား ရှာဖွေဖော်ထုတ်၍ သတင်းစောင့်ကြည့်ရေး အဖွဲ့လုပ်ငန်းကော်မတီဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာ ၁၄၆ ဦးရှိသည့်အနက် မန္တလေးတိုင်း ဒေသကြီးအတွင်း ရောဂါပိုးတွေ့ရှိသူ ၃ဦး ရှိလာပြီး ရောဂါကူးစက်ပြန့်နှံ့မှု ထပ်မံမဖြစ်ပွားစေရန်အတွက် မန္တလေးတိုင်းဒေသကြီးပြင်ပ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရာဒေသသို့ သွားရောက်နေထိုင်ခဲ့ပြီး ပြန်ရောက်လာသူများ ဖြစ်ပါက Facility Quarantine ၂၁ရက်နှင့် Home Quarantine ၇ ရက် စုစုပေါင်း Quarantine ၂၈ ရက်ဝင်ရောက်ပြီးမှသာ မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင် ခွင့်ပြုသွားမှာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
" မိသားစုလိုက်ပြန်လာသူတွေအနေနဲ့ နေအိမ်အလွတ် ဒါမှမဟုတ် သီးသန့်နေရာတစ်ခုခုမှာ မိသားစုလိုက် Quarantine ပြုလုပ်ချင်တာပဲဖြစ်ဖြစ်၊ Hotel Quarantine ပြုလုပ်ချင်တာပဲ ဖြစ်ဖြစ် သတ်မှတ်ရက်အတိုင်း ခွင့်ပြုပေးသွားမှာပါ၊ မိသားစုအလိုက်မဟုတ်ဘဲ တစ်ဦးချင်းပြန်လာပါက သတ် မှတ်ထားတဲ့ Quarantine Centre တွေမှာသာ Facility Quarantine ခံယူရမှာပါ၊ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့လိုသလို ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အများကြီးလိုအပ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ဆက်လက်ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို မိဘပြည်သူ များနှင့်ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများကို အသိပေးပန်ကြားခြင်း၊ မေတ္တာရပ်ခံပန်ကြားခြင်း၊ အသိပေးတင်ပြခြင်းများအပြင် အခြေအနေပေါ်မူတည်၍ တားမြစ် မိန့် ထုတ်ပြန်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ဝတီ