မန္တလေး ၂၀ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း အများဆုံး ဖွံ့ဖြိုးသည့် တိုင်းဒေသကြီးဖြစ်ကြောင်း ယနေ့တွင် မန္တလေးမြို့ မင်္ဂလာမန္တလေး၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး လက်မှု အနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲ ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနားတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ပေါ်ထွန်းလာစေရေးအတွက် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တစ်နိုင်ငံလုံးတွင် ယနေ့အထိ လုပ်ငန်းပေါင်း ၁၂၈၁၀ ကို မှတ်ပုံတင်ပေးနိုင်ခဲ့သည့်အနက် မန္တလေးတိုင်းဒေသကြီးတွင် လုပ်ငန်းပေါင်း ၂၆၀ဝ ကျော် ပါဝင်ကြောင်း သိရသည်။
''ကျွန်တော်တို့ ဌာနအနေနဲ့ ဒီလိုမှတ်ပုံတင်လုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့အပြင် နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေရရှိစေဖို့ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေဖို့နဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် အဓိကအထောက်အကူပြုစေတဲ့ အခြေခံအကျဆုံး အသေးစားစက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အခုလို စက်မှုလက်မှုထုတ်ကုန်ပြပွဲများ၊ ဆွေးနွေးပွဲများကို ကျင်းပပေးလျက်ရှိရာမှာ အခု အစိုးရသစ်လက်ထက် မန္တလေးတိုင်းဒေသကြီးမှာ အခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေထက် ပိုမိုပြီး လေးနှစ်ဆက်တိုက် ပြပွဲတွေ ကျင်းပနိုင်တဲ့အတွက်လည်း များစွာဂုဏ်ယူမိပါတယ် ''ဟု ၎င်းက ပြောသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စားသောက်ကုန် လူသုံးကုန် အလှကုန်နှင့် စက်မှုလက်မှုစသည့် ကာလတို အသက်မွေးဝမ်းကြောင်း သင်တန်းပေါင်း ၅၀၂ ကြိမ်ဖြင့် သင်တန်းသား ၁၀၃၆၃ ဦးနှင့် ယွန်းပညာကောလိပ်၊ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း ၁၄ ကျောင်းတို့တွင် သင်တန်းသား ၄၉၄ ဦးကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်း ၂၅၆၀ ခုနှင့် ဓာတ်ခွဲစမ်းသပ်ခြင်း ၄၉၂၅ ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၌ အဆိုပါ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကြောင်း ကာလတိုသင်တန်း ၂၇ ကြိမ် ဖွင့်လှစ်ပေးခြင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများအတွက် မှတ်ပုံတင် ၃၆၉ ဦးနှင့် စားသောက်ကုန် လူသုံးကုန် အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရန် ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၅၇၆ ကြိမ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုထုတ်ကုန် ပစ္စည်းများကို ပြည်သူများ ပိုမိုသိရှိလာကာ လုပ်ငန်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး ပြည်တွင်းသာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ထုတ်ကုန်ပစ္စည်းပြပွဲများ ကျင်းပပေးလျက်ရှိသည့်အပြင် မြန်မာ့ရိုးရာလက်မှုအနုပညာ လုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရန်နှင့် ထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် အဆိုပါပြပွဲများတွင် မြန်မာ့ ပန်း ၁၀ မျိုး လက်မှု အနုပညာ ထုတ်ကုန်ပစ္စည်း ပြပွဲများကိုလည်း ထည့်သွင်းကျင်းပပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် စတုတ္ထအကြိမ်မြောက် အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး လက်မှု အနုပညာ ထုတ်ကုန်ပစ္စည်း ပြပွဲ ဈေးရောင်းပွဲကို ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးတွင် ဒီဇင်ဘာ ၂၀ ရက်မှ စတင်ကျင်းပလျက်ရှိသည်။
အဆိုပါ ပြပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ သမဝါယမအသင်းများ၊ MSME များ၊ လူသုံးကုန်စားသောက်ကုန်အလှကုန်များ၊ ချည်ထည်များ၊ သွင်းကုန်အစားထိုးစက်များ၊ ပြည်ပသို့ တင်ပို့နေသည့် ထုတ်ကုန်ပစ္စည်းများ၊ ပန်း ၁၀ မျိုး လက်မှုအနုပညာပစ္စည်းများပါဝင်သည့် ပြခန်းပေါင်း ၁၂၅ ခန်း ပြသထားပြီး ပြပွဲကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်