မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၈ ဇန်နဝါရီလမှ နိုဝင်ဘာလထိ မီးလောင်မှု ၁၈၀ ကျော်ရှိ

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ၂၀၁၈ခုနစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်ထိ မီးလောင်မှု ၁၈၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် နိုဝင်ဘာလကုန်အထိ မီးလောင်မှုမှာ ယမန်နှစ်ကထက်  မီးလောင်မှု အကြိမ်ရေ အနည်းငယ်သာ ပိုခဲ့သော်လည်း ဆုံးရှုံးမှုတန်ဖိုးမှာ လျော့နည်းခဲ့ကြောင်းသိရသည်။

 

"မီးလောင်မှု မရှိအောင် အဓိကက အသိပညာပေးတာတွေ လုပ်တယ် ပြီးရင် လိုက်လံစစ်ဆေးတယ်။ အဲ့တာတွေကြောင့် မီးလောင်မှုက တစ်ဖြေးဖြေး လျော့နည်းလာတာပေါ့" ဟု ယင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကျပ် ၁၉၀,၁၄၂ သန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ယခင်နှစ်ကထက် ကျပ် ၂၄.ဝ၃၄ သန်းလောက် လျော့နည်းခဲ့ကြောင်း သိရသည်။

 

"မီးလောင်ဆုံးရှုံးမှုတန်ဖိုး လျော့လာရခြင်းက တန်ဖိုးကြီး မီးလောင်မှု မရှိတာနဲ့ အခုခေတ်က   အင်တာနက်သုံးတာ ဖုန်းသုံးတာများတော့ မီးလောင်မှုကို အချိန်နဲ့ တစ်ပြေးညီ သိရှိပြီး အမြန်ဆုံး သွားရောက်ငြှိမ်းသတ်နိုင်တာကြောင့် ဆုံးရှုံးမှု တန်ဖိုးလျော့ကျသွားတာပါ" ဟု ၎င်းကဆက်ပြောသည်။

 

မီးသတ်ဦးစီးဌာန အနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစတဲ့ ရည်မှန်းချက်ကြီးများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်မီးသတ်စခန်း ခုနစ်ခု၊ မြို့နယ် မီးသတ်စခန်း ၂၈  ခု၊နယ်မြေမီးသတ်စခန်း ၆၄ ခုရှိပြီး သန္ဓေတပ်ဖွဲ့ဝင်  ၁၀၂၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅,၈၄၆ ဦးနှင့် သီးသန့် မီးသတ်တပ်ဖွဲ့ဝင် ၂၂၆၆ ဦးတို့ရှိကာ မီးဘေးလုံခြုံ ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သူရိန်လင်း   
ဓါတ်ပုံ- Myanmar Fire Services Department