မန္တလေး ၄ ဇန်နဝါရီ
၂၀၁၈ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် ဓာတ်လိုက်မှု ၄၆ မှု ဖြစ်ပွားပြီး လူ ၄၁ ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ မန္တလေးတိုင်းဒေသကြီးတွင် ဓာတ်လိုက်မှု အကြိမ်ရေပေါင်း ၄၆ ကြိမ်ရှိပြီး သေဆုံးသူ ၄၁ ဦး၊ ဒဏ်ရာရရှိသူ ကိုးဦးရှိကြောင်း သိရသည်။
"လျှပ်စစ်သုံးစွဲမှုက သုံးစွဲသူဦးရေရော၊ သုံးစွဲတဲ့ပမာဏရော ပိုများလာပြီး လျှပ်စစ်အန္တရာယ်လည်း ပိုများလာတယ်။ ဒါကိုလျှော့ချဖို့ အဓိက အသိပညာပေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုလာတယ်။ မြို့နယ်အလိုက် ပညာပေးမှုတွေ၊ ဟောပြောပွဲတွေလည်း လုပ်ပေးနေပါတယ်။ အများစုကတော့ ထိခိုက်သေဆုံးမှုက များပါတယ်" ဟု မန္တလေးလျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှု အများဆုံးမှာ အိမ်တွင်းသုံး လျှပ်စစ်ပစ္စည်းများကြောင့် အများဆုံးဖြစ်ပြီး စုစုပေါင်း လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှု၏ ၈၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၁၆ ခုနှစ်က တစ်နိုင်ငံလုံးအနေဖြင့် မြန်မာနိုင်ငံ၌ ဓာတ်လိုက်မှု အကြိမ်ရေပေါင်း ၂၁၁ ကြိမ်ထိရှိပြီး စုစုပေါင်း ၁၈၆ ဦးသေဆုံးကာ ဦးရေ ၇၀ ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဓာတ်လိုက်မှု အကြိမ်ရေပေါင်း ၁၉၉ ကြိမ်၊ သေဆုံးသူ ၁၇၂ ဦးနှင့် ဒဏ်ရာရရှိသူ ၅၃ ဦးရှိခဲ့ကြောင်း အဆိုပါကော်ပိုရေးရှင်းမှ သိရသည်။
သူရိန်လင်း