မန္တလေး ၁ အောက်တိုဘာ
(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ(၁)ရက် နံနက်၈နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်းရှိ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲသူရိန်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးနှင့် လွတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်စိန်လွင်၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်၊ ခရိုင်၊မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ မြို့မနှင့် နယ်မြေရဲစခန်းမှူးများ၊ အငြိမ်းစား ရဲဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာ စကားပြောကြားပြီး (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် စိန်လွင်က ဖတ်ကြားသည်။
ထို့နောက် ထူးချွန်ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့များ၊ မူးယစ်ဆေးဝါး၊ လက်နက်များဖမ်းဆီးမိမှုတွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သောရဲတပ်ဖွဲ့ဝင်များ၊ ဆိုင်ကယ်ဖြင့်လုယက်မှုများအား ဖော်ထုတ်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအားလည်းကောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများ ဖြင့်အောင်မြင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့က လည်းကောင်း၊ အမှုထမ်း ကောင်းလက်မှတ်များအား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက လည်းကောင်း၊ လိုင်းခန်းသန့်ရှင်းသပ်ရပ်မှုဆုနှင့် စိုက်ပျိုးရေးဆုများအား ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဆုများချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်များသည် လုံခြုံမှုဆိုင်ရာ ပစ္စည်းများနှင့် မှုခင်းဖော်ထုတ်မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။
သီဟကိုကို(မန္တလေး)


