မန္တလေး ၃၁ မေ
မန္တလေးတိုင်းဒေသကြီးပြင်ပမှ အဝေးပြေးယာဉ်လိုင်းများအား ဇွန်လ ၁ ရက် မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ခွင့်ပြု သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဒေသတွင်းအဝေးပြေးယာဉ်လိုင်းများ၏ ပြန်လည်ပြေးဆွဲခွင့်ကို မေလ(၁၅) ရက်တွင် ကြေငြာချက် ထုတ်ပြန်ပေးခဲ့ပြီး ယခုအခါ ဇွန် ၁ ရက် မှ စတင်၍ တိုင်းဒေသကြီး ပြင်ပသို့ အဝေးပြေး ယာဉ်လိုင်းအားလုံးပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Mask တပ်ရန်၊ လက်ဆေးရန်၊ နှစ်ဦးထိုင်ရမည့် နေရာများတွင် တစ်ဦးသာထိုင်ရန်၊ ယာဉ်ပေါ်မတက်ခင် အဖျားတိုင်းရန်၊ ယာဉ်ပြတင်းပေါက်များ အားလုံး လေဝင်လေထွက်ကောင်းမွန်ရန် စီစဉ်ဆောင်ရွက်ရန်၊ ခရီးသည်မတင်ဆောင်မီနှင့် တင်ဆောင်ပြီးအချိန်များတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းရန်အပြင် ယာဉ်မောင်း /ယာဉ်နောက်လိုက်များအနေဖြင့် လိုက်နာရမည့်စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် စသည့် စည်းကမ်းချက်များလိုက်နာရမှာ ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ပြန်လည် ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် က ပြောကြားသည်။
မန္တလေးတိုင်း ဒေသကြီးတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသည်တင်ယာဉ် လိုင်းများ ပြေးဆွဲခွင့်ကို ဧပြီ ၇ ရက် မှ စတင်ပိတ်ထားခဲ့ရာ ယခုအခါတိုင်းဒေသကြီးအစိုးရမှ ပြန်လည် ဖြေလျှော့ ပြေးဆွဲခွင့်ပြုခြင်းဖြစ်ကြောင်းသိရပြီး မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်း(၅) ခုတွင် ယာဉ်အသင်း ပေါင်း(၄၂၅) သင်းရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


