မန္တလေး ၄ မတ်
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ငလျင်ဘေး ၁၀ ကြိမ်၊ မီးဘေး ၁၉၉၇ ကြိမ်၊ သစ်တောမီးဘေး ၁ ကြိမ်၊ ရေဘေး ၁၇၇ ကြိမ်၊ ရုတ်တရက်ရေကြီးခြင်း ၈ ကြိမ်၊ ကမ်းပြိုခြင်းဘေး ၁၇၃ ကြိမ်၊ မြေပြိုခြင်းဘေး ၁၃ ကြိမ်၊ လေမုန်တိုင်းနှင့် လေပြင်းဘေး ၄၆၇ ကြိမ်၊ မိုးကြိုးဘေး ၃၂ ကြိမ်၊ အခြားသဘာဝဘေး ၁၁ ကြိမ် ဖြစ်ပွားပြီး သေဆုံးသူ ၂၂၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၇၈၀၅၃ ဦးရှိခဲ့ကြောင်း သိရသည်။
ယင်းအချက်အလက်များကို မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီခွဲက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူရာဟိုတယ်တွင် ကျင်းပသည့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက် ပြန်လည်သုံးသပ်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲမှ သိရခြင်းဖြစ်သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ယခင် ကာလများထက် ဖြစ်ပွားမှု အကြိမ်အရေအတွက်နှင့် ပြင်းအား ပိုမိုမြင့်မားလာခဲ့ပြီး ခန့်မှန်းရခက်ခဲသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နောက်ဆက်တွဲ ဘေးအန္တရာယ်များကို သိသာထင်ရှားစွာ မြင်တွေ့ လာရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းစဉ်များမှာ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်နှင့် ပတ်သက်သည့် ကြိုတင်ခန့်မှန်းခြင်း၊ တုံ့ပြန်ရေးအစီအစဉ်များ ရေးဆွဲခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်းများ ပါဝင်ကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များအတွက်ကိုပါ ကြိုတင်ထည့်သွင်း ဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်သော မြန်မာနိုင်ငံ ဖြစ်လာစေရေးအတွက် ယခု စုစည်းရောက်ရှိလာသော သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများက ကျရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်း စီမံချက်များ အကောင်ထည် ဖော်ဆောင်ခြင်း၏ မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် လွှမ်းခြုံနိုင် မှုများ၊ မန္တလေးတိုင်းဒေသကြီးဆိုင်ရာ အခြေခံအချက်အလက်များ၊ ဘေးအန္တရာယ်ဆိုင်ရာ အဆင့်သတ်မှတ်ချက်များ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့နှင့် လုပ်ငန်းအဖွဲ့များအကြောင်း၊ အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စီမံချက်များ၊ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ စီမံမှုများ၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိခိုက်မှု သက်သာစေခြင်းဆိုင်ရာ စီမံမှုများ၊ ပြန်လည် ထူထောင်ခြင်းဆိုင်ရာ စီမံမှုများနှင့် ဦးစားပေးလုပ်ငန်းများအကြောင်းကို တင်ပြဆွေးနွေးကြသည်။
ထိပ်ထားနိုင်


