မန္တလေး ၁၅ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီးတွင် လာမည့် ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးရေးတောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာသင်တန်း (၉)ကြိမ်အထိ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ လက်အောက်ရှိ ထုံးဘို ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ Good Agricultural Practices (GAP) သင်တန်းနှင့် သြဂဲနစ်နည်းပညာသင်တန်းများအား (၉)ကြိမ်အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“သင်တန်းတွေက အကုန်လုံးအခမဲ့သင်တန်းတွေပါ။ မည်သူမဆို တက်ရောက်နိုင်တယ်။ ဘာမှယူလာစရာမလိုဘူး၊ အကုန်ပံ့ပိုးပေးထားတယ်၊ သင်ကြားရေးမှတ်စုတွေကအစ ပေးပါတယ်။ တက်ရင်တကယ်အကျိုးရှိတဲ့ သင်တန်းတွေပါ။ ဒီနှစ် တောင်သူတွေအတွက် Organic သင်တန်းတစ်မျိုး ထပ်ထည့်ပေးထားပါတယ်”ဟု အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထိန်ဝင်းက ပြောသည်။
ဖွင့်လှစ်ပေးမည့် အခမဲ့သင်တန်းများမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ Good Agricultural Practices (GAP) သင်တန်း၊ မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ သြဂဲနစ်နည်းပညာသင်တန်း၊ ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း၊ မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ Good Agricultural Practices (GAP) သင်တန်း၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ သြဂဲနစ်နည်းပညာသင်တန်း၊ ဇူလိုင် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သြဂဲနစ်နည်းပညာသင်တန်း၊ သြဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း၊ စက်တင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သြဂဲနစ်နည်းပညာသင်တန်းတို့ဖြစ်ကြောင်း သိရသည်။
သင်တန်းများသို့ တောင်သူများ၊ ပွဲစားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်သူများ၊ ရောင်းချသူများ၊ စိတ်ဝင်စားသူ မည်သူမဆို ကြိုတင်စာရင်းပေး တက်ရောက်နိုင်ပြီး ၀၉ ၅၃၂၂၅၄၅၊ ၀၉ ၄၃၀၆၀၆၉၂၊ ၀၉၄၄၃၀၆၀၆၉၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သူရိန်လင်း


