မန္တလေး ၁၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီးတွင် ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ၁၆ ဦးရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးထံကသိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့ကို ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်သွားမည်ဖြစ်သည်။
"အဲ့ဒီ ၁၅ ဦးထဲမှာက NLD ပါမယ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီပါမယ် USDP ပါမယ် တစ်သီပုဂ္ဂလပါမယ် လူ့ဘောင်သစ်ပါတီ ပါမယ်" ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှုး ဦးကျော်ကျော်စိုးကပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ၊ လူ့ဘောင်သစ် ဒီမိုကရေစီ ၊ ပြည်သူ့အလုပ်သမားပါတီ တို့ဖြစ်သည်။
သပိတ်ကျင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ကြံ့ခိုင်ရေးနှင့်ဖွံ ့ဖြိုးတိုးတက်ရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ( တ. စ.ည )၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ၊ ဒီမိုကရက်တစ်ပါတီ နှင့် ပြည်ထောင်စု အလုပ်သမား၊လယ်သမားပါတီ တို့ဝင်ရောင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များသည် ကန်ပက်လက်၊ လဲချား၊ တာမွေနဲ့ မြင်းခြံမြို့နယ်တို့ဖြစ်ကြပြီး လစ်လပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အနေဖြင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မြစ်ကြီးနား ဖြစ်သည်။ ဒါ့အပြင် လစ်လပ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များမှာ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ တမူးမဲဆန္ဒနယ် အမှတ် ၂၊ အုတ်တွင်း မဲဆန္ဒနယ် အမှတ် ၁၊ သပိတ်ကျင်း မဲဆန္ဒနယ် အမှတ် ၁၊ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂၊ မင်းဘူးမဲဆန္ဒနယ် အမှတ် ၂၊ ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ် ၂ နှင့် မန္တလေးတိုင်းတစ်ခုလုံးအတွက် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များဖြစ်ကြောင်းသိရသည်။
ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက် တွင် ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်လုံးတွင် လစ်လပ်နေရာ (၁၂) အတွက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
သူရိန်လင်း