မန္တလေး ၁၈ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီးတွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ဆန္ဒေမဲပေးပိုင်ခွင့်ရှိသူ ၄၅ သိန်း ကျော်ထိရှိလာကြောင်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်ထံကသိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၄ သိန်း ကျော်သာရှိခဲ့ပြီး ယခုတွင် မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းကျော် တိုးလာခဲ့ကြောင်း သိရသည် ။
" အရင်တုန်းက အသက် ၁၈ နှစ်မပြည့်သေးတဲ့ သူတွေ အခုတိုးလာတဲ့အတွက်ကြောင့် မဲပေးပိုင်ခွင့်ရှိသူ လေးဆယ်ငါးသိန်းကျော်ဖြစ်လာတာပါ ။ အခုဒီမဲစာရင်းက၂၀၂၀ ဒီဇင်ဘာ ၃၁ နဲ့ဖြတ်ပြီးတော့ ၁၈ နှစ်ပြည့်တဲ့သူတွေကို မဲစာရင်းထဲထည့်မှာဖြစ်ပါတယ် " ဟုအဆိုပါ ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှုး ဦးကျော်ကျော်စိုးကပြောသည်။
မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၀ ရွေးကော်ပွဲအတွက် အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလကုန်တွင်မဲစာရပြုစုခြင်းလုပ်ငန်းများပြီးစီးခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ သိရသည် ။
လူဦးရေ အချက်အလက်များ ကောက်ယူခြင်းနှင့် အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင် စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။
သူရိန်လင်း


