မန္တလေး ၁၁ ဇွန်

မန္တလေးတိုင်းဒေသကြီးတွင် လာမည့် နှစ်ရက်၊ သုံးရက် အတွင်း မိုးရွာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်(မန္တလေးရုံးခွဲ)မှ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ယခင်နှစ်များနှင့်ယှဉ်ပါက ယခုနှစ် အတွင်း မိုးရွာသွန်းမှုနည်းပါးနေပြီး ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်မည့် လေဝဲတစ်ခုကြောင့် မိုးရွာ သွန်းနိုင်ခြေ ပိုများလာကြောင်းသိရသည်။

" မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှာ ပြီးခဲ့တဲ့လက မိုးရွာသွန်းမှုမရှိဘဲ နေ့အပူချိန်များမြင့်တက်ခဲ့တယ်။ လာမည့်ရက်တွေမှာတော့ မိုးရွာနိုင်တယ် "ဟု  အဆိုပါဌာနမှာ ညွှန်ကြားရေးမှုး ဦးကျော်လွင်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်နှင့် ကာလတူ နှိုင်းယှဉ်ကြည့်ပါက မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ဇွန်၁၀ရက်ထိ မိုးရွာရက် ခြောက်ရက်ခန့်လျော့နည်းပြီး မိုးရေချိန်အနေဖြင့်လည်း လေးလက်မခန့် လျော့နည်းနေကြောင်း သိရသည်။

ဇွန်လ၁၁ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် နေရာကွက်ကြား၊ နေပြည်တော်၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့ တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

သူရိန်လင်း