မန္တလေး  ၁  စက်တင်ဘာ


မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာခများကို လက်ကိုင်ဖုန်းမှတစ်ဆင့် ပေးသွင်းနိုင်ရန် မြို့နယ်များ ထပ်မံတိုးချဲ့ သွားမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC)မှ သိရသည်။


လက်ရှိတွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တွင်သာ လျှပ်စစ်သုံးစွဲမှု ကျသင့်ငွေမီတာခ တောင်းခံလွှာကို ဖုန်းမှတစ်ဆင့် ကြည့်ရှု၍ ဖုန်းမှတစ်ဆင့်ငွေသွင်းနိုင်ပြီး ပြင်ဦးလွင်၊ မိုးကုတ်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့၊ ပုဂံမြို့တို့တွင် ထပ်မံတိုးချဲ့ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။


" လောလောဆယ်တော့ မန္တလေးခရိုင်အတွင်းပဲ ကြည့်ရှုလို့ရသေးတယ်။ ဒါကိုလဲသိတဲ့သူ တော်တော်နည်းပါသေးတယ်။ အင်တာနက်မိတဲ့ဘယ်နေရာကမဆို ကြည့်လို့ရတဲ့အတွက် မီတာခပေးရမယ့် နောက်ဆုံးရက်ကို နောက်မကျဘဲ အချိန်မီငွေသွင်းနိုင်မယ်။ ငွေသွင်းပြီးတာကိုလဲ ဖုန်းမှာပြန် ကြည့်လို့ရတဲ့အတွက် မီတာစာရွက်ပျောက်မှာလဲ ပူစရာမလိုတော့ဘူး။ ငွေပေးသွင်းဖို့အတွက် ဘဏ်နဲ့ချိတ်ဆက်ရပါမယ်။ ဘဏ်စာရင်းတစ်ခါဖွင့်ပြီးရင် သက်ဆိုင်ရာဘဏ်ရဲ့ ငွေပေးချေမှုနည်းလမ်းအတိုင်း ဆောင်ရွက်ရုံပါပဲ " ဟု အဆိုပါကော်ပိုရေးရှင်းစီမံဌာနရှိ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်လွင်က ပြောသည်။


ငွေပေးသွင်းရန်အတွက် လက်ရှိတွင် CB ဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့နှင့် စာချုပ်ချုပ်ဆိုချိတ်ဆက်ထားပြီး ဆက်လက်၍ ကမ္ဘောဇဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်တို့နှင့်လည်း စာချုပ်ချုပ်ဆိုချိတ်ဆက်ရန်စီစဉ်ထားကြောင်း သိရသည်။


မန္တလေးခရိုင်အတွင်း လျှပ်စစ်မီတာခ တောင်းခံလွှာကို Android ဖုန်းများဖြင့် Play Store တွင် MESC Application ကို Download ဆွဲ၍ မိမိအိမ် မီတာစာရွက်တွင်ပါရှိသည့် မီတာအမှတ်နှင့် ကွန်ပျူတာကုတ်ကို ထည့်သွင်းရိုက်နှိပ်ကာ လစဉ်လဆန်း ၁၁ ရက်မှစ၍ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း အဆိုပါကော်ပိုရေးရှင်းမှ သိရသည်။


သူရိန်လင်း