မန္တလေး အောက်တိုဘာ ၂၁
မန္တလေးမြို့ ငှက်ပျောသီးဈေးကွက်တွင် ယခင်နှစ်ကာလတူ အချိန်က ငှက်ပျောတစ်ဖီးလျင် ကျပ် ၇၀ဝ နှင့် ၈၀ဝ ကျပ်ရောင်းချခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၁၀ဝ၀ မှ ၁၂၀ဝ ထိ ရောင်းချလာရသော်လည်း ရောင်းချသူများ အရင်းအနှီးများလာပြီး အကျိုးအမြတ်အနေဖြင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ကျောက်ဆည်မြို့နယ်နှင့် မတ္တရာမြို့နယ်များတွင် အဓိကစိုက်ပျိုးကြပြီး အခြားမြို့နယ်များတွင်လည်း အနည်းငယ်စိုက်ပျိုးကြသည်။ ငှက်ပျောသည် မြေနုမြေများတွင် ပိုမိုအောင်မြင်ဖြစ်ထွန်းပြီး ရေများစွာ တင်သွင်းစိုက်ပျိုးရသောသီးနှံ ဖြစ်သည်။ ကျောက်ဆည်မြို့နယ်မှ အရည်အသွေးကောင်းမွန်သော ငှက်ပျောသီးများထွက်ရှိပြီး မတ္တရာမြို့နယ်မှ ငှက်ပျောသီး ပမာဏပိုမိုထွက်ရှိသည်။
ငှက်ပျောသီးမှာ တစ်နှစ်ထက်တစ်နှစ် ရောင်းအားပိုမိုကောင်းလျက်ရှိပြီး အများစုမှာ ယုံကြည်မှုဆိုင်ရာ ပူဇော်ပသခြင်းတွင် အသုံးပြုကြခြင်း ဖြစ်သည်။ ပူဇော်ပသခြင်းအတွက် ငှက်ပျောသီးများကို အစိမ်းအနေဖြင့် အသုံးပြုကြပြီး ဖီးကြမ်း၊ ရခိုင်နှင့် သီးမွှေးငှက်ပျောများကို အသုံးပြုကြပြီး နိုင်ငံရပ်ခြားမှ တင်သွင်းလာသည့် ဘရာဇီးငှက်ပျောဟုခေါ်သည့် ငှက်ပျောကိုစားသုံးမှုအတွက်သာ ဝယ်ယူကြကြောင်း သိရသည်။" ငှက်ပျောပင်ဟာ ၁၂ ရာသီလုံး အသီးသီးတဲ့ အပင်ဖြစ်ပါတယ်။ ရေအလွန်ကြိုက်ပြီး မြေလဲရွေးပါတယ်။ ရေအရင်းအမြစ်ကောင်းတဲ့ နေရာတွေက ငှက်ပျောစိုက်တောင်သူတွေအနေနဲ့ အဆင်ပြေပေမဲ့ ရေအရင်းအမြစ်နဲ ဝေးတဲ့ခြံပိုင်ရှင်တွေအနေနဲ့ ဒီနှစ်မိုးရွာသွန်းမှုနည်းတာကြောင့် ကုန်ကျစရိတ်နဲ့မကာမိတာကြောင့် ငှက်ပျောစိုက်တောင်သူတွေ အကျိုးအမြတ်နည်းခဲ့ပါတယ်။ ငှက်ပျောဈေးပိုရောင်းရတာကလည်း ကုန်ကျစရိတ်များလာလို့ ပိုလာတဲ့အတွက် ဖြစ်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ ငှက်ပျောတစ်ခိုင်ရဖို့ နေ့စဉ်နီးပါး ရေတင်၊ ပေါင်းရှင်း၊ မြေဆွဲလုပ်ငန်းတွေ ကုန်ကျစရိတ်တွေ ရှိပါတယ်" ဟု မတ္တရာမြို့နယ်မှ ငှက်ပျောစိုက်တောင်သူ ကိုမြင့်သိန်းက ပြောသည်။
ထွက်ရှိလာသည့် ငှက်ပျောအများစုမှာ ယုံကြည်မှုဆိုင်ရာ ပူဇော်ပသခြင်းတွင် အသုံးပြုကြပြီး ငှက်ပျောဖီးများကို ပွဲတော်ကျငှက်ပျောဖီးများကိုသာ စားသုံးရန်အတွက် တစ်ဆင့်ပြန်လည် ဝယ်ယူရောင်းချသူများအနေဖြင့် ငှက်ပျောတစ်ဖီးလျင် ၅၀ဝ ကျပ်ဝန်းကျင်နှင့် ပြန်လည်ရောင်းချကြသည်။ ကန်တော့ပွဲလာရောက်ပူဇော်မှုများပြားသည့် ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရားတစ်ဆူတည်းမှ ငှက်ပျောဖီး ထောင်နှင့်ချီ၍ ပြန်လည်ရောင်းချနေရကြောင်း သိရသည်။
အေးမြ(မန္တလေး)


