မန္တလေး ၁၀ ဩဂုတ်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ အသက် ၁၈ နှစ်ပြည့်သည့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၄၅၇၈၈၀၀ ကျော်ရှိပြီး ၎င်းမဲစာရင်းများအား ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၉ ရက်အထိ နှစ်ပတ်ကျော်ကာလအတွင်း လာရောက်ကြည့်ရှုသူဦးရေမှာ ၁၀ သိန်းကျော်ရှိပြီး ၎င်းတို့အနက် ပြင်ဆင်ဖြည့်စွက်တောင်းဆိုရန် လျှောက်ထားသူဦးရေမှာ ၁၃၀၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာရန် သတ်မှတ်ထားသော်လည်း လာရောက်ကြည့်ရှုသူ တိုးတက်များပြားလာစေရန်နှင့် မဲစာရင်းများတွင် အမှားအယွင်းများ တွေ့ရှိပါက သတ်မှတ်ပုံစံများဖြင့် ပြင်ဆင်ဖြည့်စွက်တောင်းဆိုမှုများ ပိုမိုဆောင်ရွက်နိုင်စေရန်အတွက် မဲစာရင်းကြေညာပေးသည့် ရက်အား ဩဂုတ် ၁၄ ရက်အထိ ၇ ရက် ထပ်မံတိုးမြှင့်၍ ကပ်ထားကြေညာပေးထားရာ လာရောက်ကြည့်ရှုသူဦးရေမှာ ဩဂုတ် ၉ ရက်အထိ ၁၆ ရက်တာ ကာလအတွင်း ၁၀၇၂၃၇၅ ဦးရှိပြီး ၎င်းတို့အနက် ပုံစံ(၃)ဖြင့် တောင်းဆိုသူ ၇၁၆၇၂ ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၁၈၇၄၉ ဦးနှင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ ၄၃၇၇၄ ဦး စုစုပေါင်း ပြင်ဆင်ဖြည့်စွက် တောင်းဆိုရန် လျှောက်ထားသူ စုစုပေါင်း ၁၃၄၁၉၅ ဦးရှိကြောင်း သိရသည်။
“၂၀၂၀ ရွေးကောက်ပွဲမှာ မန္တလေးတိုင်းက မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းက ၂၀၁၅ ခုနှစ်ထက် တစ်သိန်းခွဲလောက်များလာသလို မဲစာရင်းကို စိတ်ဝင်တစား လာရောက်ကြည့်ရှုကြတဲ့ မဲဆန္ဒရှင်အရေအတွက်ကလည်း သိသိသာသာကို တိုးတက်လာပါတယ်။ ဒါ့အပြင် လွှတ်တော်အသီးသီးမှာ ဝင်ရောက်အရွေးခံကြမယ့် ကိုယ်စားလှယ်လောင်း ဦးရေကလည်း ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲထက် ပိုပြီးများပြားလာတာကို တွေ့ရတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီး မဲစာရင်းတွေကို လာရောက်ကြည့်ရှု ပြင်ဆင်တောင်းဆိုကြဖို့ လှုံ့ဆော်ပေးနေပါတယ်။ ‘များများကြည့် များများပြင် များများမှန်’ ဆိုတဲ့ ရည်မှန်းချက်ကို မျှော်မှန်းပြီး ဆောင်ရွက်နေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပါတီပေါင်း ၂၀ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူ ကိုယ်စားလှယ်လောင်း ၅၂၈ ဦးရှိပြီး တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၁၆ ဦးရှိရာ စုစုပေါင်း နိုင်ငံရေးပါတီ ၂၀ နှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းစာရင်းမှာ ၅၄၄ ဦးရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


