မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၃၁

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၃ ရက် ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပိုင်စိုး မောင်းနှင်ပြီး မအိအိမွန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားကျေးရွာရှိ ပိုင်စိုး၏ နေအိမ်နှင့် အမရပူရမြို့နယ်၊ တောတွင်းကျေးရွာရှိ မအိအိမွန်၏ နေအိမ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ မတ် ၂၄ ရက်တွင် မဟာအောင်မြေမြို့နယ်၌ မစိန် (ခ) သက်ထားကိုလည်းကောင်း၊ မတ် ၂၆ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်ရပ်ကွက်၌ ဝိုင်အောင်မြင့်ကို မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ ကျော်ရဲသူကို ပုသိမ်ကြီးမြို့နယ်၊ ကွေ့ကြီးကုန်း ကျေးရွာသွားလမ်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဂေါ်ယုံဆင်းအား ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်း၊ ၁၀၉ (B) နှင့် ၁၁၀ လမ်းကြားရှိ ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေး ဖော်ထုတ်ခဲ့ရာ မတ် ၂၇ ရက် နံနက် ၁၀ နာရီတွင် ဝိုင်အောင်မြင့် ငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၆၀,၀၀၀ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်နှင့်အတူ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်