မန္တလေး ၁၈ ဇွန်

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတအသင်းများတွင် အသုံးပြုနေသော မော်တော်ယာဉ်များအား နိဗ္ဗာန်ယာဉ် (HSE) လိုင်စင်ထုတ်ပေးထားရာ ယာဉ်အစီးရေ ၁၈၀၀ ကျော်ရှိကြောင်း အဆိုပါ မော်တော်ယာဉ်များအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမှလွဲ၍ ကျန်တိုးဂိတ်များ၌ လမ်းအသုံးပြုခ ပေးဆောင်ရန် မလိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောကြားသည်။

 

ဇွန် ၁၇ ရက်က ကျင်းပပြုလုပ်သော တိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကို၏ ပရဟိတအသင်းများနှင့်ပတ်သက်၍ (၁) ပရဟိတအသင်းအားလုံး လိုင်စင်များ မဖြစ်မနေ ပြည့်စုံအောင် ဆောင်ရွက်စေခြင်းနှင့် လွယ်ကူစွာချထားပေးခြင်း၊ (၂) ပရဟိတအသင်းကားများနှင့် ပတ်သက်၍ လိုင်စင်များချထားပေးခြင်း၊ (၃) မန္တလေးတိုင်းဒေသကြီးအတွင်း ပရဟိတအသင်းများ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် လမ်းကြေးများ သက်သာစေခြင်းဖြင့် ပရဟိတအသင်းများအား ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောကြားသည်။

 

ပရဟိတအသင်းများအများစုဟာ ဘာသာရေးကို အခြေခံပြီးဖွဲ့စည်းထားသော အသင်းများဖြစ်ကာ ပြည်သူများအား ကူညီနေခြင်းဖြစ်ပြီး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့လုပ်ငန်းများ ကူညီဆောင်ရွက်နေခြင်းကြောင့် အစိုးရကိုလည်း ကူညီဆောင်ရွက်နေသည့်အတွက် အစိုးရအနေဖြင့် ငွေကြေးကုန်ကျမှု သက်သာစေမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုက ပြောကြားသည်။

 

လူမှုရေးပရဟိတအသင်းများကို နိဗ္ဗာန်ယာဉ် (HSE) လိုင်စင်များကို တရားဝင်လိုင်စင် ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် စီမံချက်ရေးဆွဲကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ကြိမ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ စီမံချက်ကာလမစတင်မီအချိန်တွင် တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် လူမှုရေးအသင်းအဖွဲ့ (၅)သင်း၊ နိဗ္ဗာန်ယာဉ် (၁၆) စီးသာရှိသော်လည်း လက်ရှိတွင်  အသင်းအဖွဲ့(၉၀၁)သင်းနှင့် နိဗ္ဗာန်ယာဉ် (HSE) လိုင်စင်ချထားပေးသည့် မော်တော်ယာဉ် (၁၈၅၉)စီးရှိကြောင်း ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောကြားသည်။

 

လမ်းဦးစီးဌာနပိုင်လမ်းများ၊ ဘီအိုတီလမ်းများတွင် လမ်းအသုံးပြုခကောက်ခံရာ၌ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အမှန်တကယ်လိုင်စင်ထုတ်ပေးသည့် နိဗ္ဗာန်ယာဉ် (HSE) နှင့် နာရေးယာဉ်များကို ရန်ကုန်-မန္တလေး အမြန်လမ်းမှလွဲ၍ ကျန်တိုးဂိတ်များတွင် လမ်းအသုံးပြုခ ကောက်ခံခြင်းမရှိကြောင်း၊ သာမာန်နံပါတ်ဖြင့် သွားလာနေသည့် နိဗ္ဗာန်ယာဉ်များအနေဖြင့် လမ်းအသုံးပြုခ ပေးဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

 

တိုင်းဒေသကြီးအတွင်း လျှောက်ထားလာသည့် အသင်းအဖွဲ့များကို အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေနှင့်အညီ အသင်းအဖွဲ့လျှောက်ထားသည့်နေ့မှ (၇)ရက်အတွင်း ယာယီလက်မှတ်ထုတ်ပေးခြင်း၊ ခရိုင်/မြို့နယ် မှတ်ပုံတင်ရေးအဖွဲ့တွင် ရက်ပေါင်း(၃၀)အတွင်း၊ တိုင်းဒေသကြီးမှတ်ပုံတင်ရေးအဖွဲ့တွင် ရက်ပေါင်း(၆၀)အတွင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော အသင်းအဖွဲ့များအား အသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီးအသင်းအဖွဲ့ မှတ်ပုံတင် လက်မှတ်(၁၂၇)စောင်၊ ခရိုင်အသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ် (၁၂၈)စောင်နှင့် မြို့နယ်အသင်းအဖွဲ့ မှတ်ပုံတင် လက်မှတ်(၇၄၆)စောင်အား ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)