မန္တလေး  ၁၁ ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီးတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးထာသည့် တောင်သူပေါင်း ၁၀၇၄၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း က ပြောသည်။

 

ယနေ့ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ အစည်းအဝေးတွင်  အမရပူရမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဉီးမြင့်ဆွေ  မေးမြန်းသည့်  မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်  လယ်ယာမြေဉပဒေ၊ နည်းဉပဒေများနှင့်အညီ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ထုတ်ပေးပြီးနှင့် ထုတ်ပေးရန် ကျန်စာရင်း၊ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းထုတ်ပေးထားသော ပုံစံ(၇)များအား အမှန်ဖြစ်စေရေး ဆောင်ရွက်ထားမှုအခြေအနေကို မေးမြန်းရာတွင် ယခုလိုဖြေကြားခဲ့ခြင်းဖြစ်သည်။

 

“မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပုံစံ ၇ ထုတ်ပေးဖို့ လျာထားချက်ရှိပါတယ်။ လျာထားချက်အရ တောင်သူပေါင်း ၁၀၈၆၄၇၀ ရှိပြီး  ဦးပိုင်ပေါင်း ၁၉၁၂၄၉၆၊ ဧရိယာ ၃၃၆၀၄၄၆ ဧက ရှိပါတယ်။ အဲဒီအထဲက ပုံစံ ၇ ထုတ်ပေးပြီးတာ ၁၀၇၄၆၂၉  ထုတ်ပေးပြီးဖြစ်ပါတယ်” ဟု  မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း က ဖြေကြားခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ တောင်သူ ၁၀၇၄၆၂၉  ဦးကို ပုံစံ (၇) ဦးပိုင်ပေါင်း ၁၈၉၅၀၀၀ ကျော်၊ ဧရိယာ ၃၃၂၃၀၀၀ ဧကကျော်ရှိကြောင်း သိရသည်။  ပုံစံ(၇) ထုတ်ပေးရန် ကျန်ရှိသည့် တောင်သူ ၁၁၈၄၀၊  ဦးပိုင်ပေါင်း ၁၆၉၉၈ ၊ ဧရိယာ ၃၇၁၈၁ ဧက ရှိပြီး စုစုပေါင်း ၉၉ ဒသမ ၁၁ ရာခိုင်နှုန်း ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

 

ပုံစံ(၇) ထုတ်ပေးရန် ကျန်ရှိသည့် လယ်ယာမြေများမှာ ပုံစံ ၇ လျောက်ရာတွင် ကန့်ကွက်လွှာခေါ်တဲ့အချိန်မှာ ကန့်ကွက်လွှာတင်သွင်းမှုရှိခြင်း မြေနေရာတစ်ခုတည်းကို တစ်ဦးထက်ပိုပြီး လျှောက်ထားခြင်း၊ ပုံစံ ၇ ထုတ်မပေးခင်ကတည်းက မြေယာအငြင်းပွားမှုဖြစ်ပွားနေခြင်း၊ တောင်သူများကိုယ်တိုင်လာရောက် လျှောက်ထားမှုမရှိခြင်း စသည့်အချက်များကြောင့် ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

 

မေသက်ထား